International News

စင်္ကာပူနိုင်ငံ၏ ထောပတ်သီးဈေးကွက်အခြေအနေ

Last Updated:

စင်္ကာပူနိုင်ငံ၏ လတ်ဆတ်သောသစ်သီးဝလံများ စားသုံးမှုသည် တစ်နှစ်လျှင် တန်ချိန် ၄ သိန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ်တွင် လတ်ဆတ်သော သစ်သီး၀လံတန်ချိန်ပေါင် ၄၂၈,၈၆၉ (စင်္ကာပူ ဒေါ်လာ ၇၁၈ သန်း) ကို တင်သွင်းခဲ့ပြီး၊ အဆိုပါတင်သွင်းမှု၏ ၅ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ ပြန်လည် တင်ပို့ခဲ့ပါသည်။

စင်္ကာပူနိုင်ငံ၏ သစ်သီး၀လံများ တင်သွင်းမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူကြီး ကြပ်ကွပ်ကဲနေသော ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု ဝန်ကြီးဌာန (Ministry of Substainability and the Environment)၊ ပတ်ဝန်းကျင်နှင့်ရေအရင်းအမြစ်ဝန်ကြီးဌာန (Ministry of the Environment and Water Resources) လက်အောက်ရှိ စင်္ကာပူစားသောက်ကုန်အေဂျင်စီ (Singapore Food Agency-SFA) သည် စင်္ကာပူနိုင်ငံသို့ လတ်ဆတ်သော သစ်သီး၀လံများ တင်သွင်း ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အပင်များ ထိန်းချုပ်ခြင်း အက်ဥပဒေ (The Control of Plants Act)၊ စားသောက်ကုန်ရောင်းချခြင်းအက်ဥပဒေ (Sale of Food Act-Chapter 283) နှင့် ယင်းအက်ဥပဒေများအရ ပြဌာန်းထားသော စည်းမျဉ်းများဖြင့် ထိန်းကျောင်းဆောင်ရွက်လျှက်ရှိပါသည်။ Joint FAO/ WHO Codex Alimentarius Commission မှ သတ်မှတ်ထားသည့် ပိုးသတ်ဆေးနှင့်အဆိပ်အတောက်ဖြစ် စေသော ဓာတုဆေးအကြွင်းအကျန်များ ပါဝင်မှု သတ်မှတ်ချက်ထက်ကျော်လွန်ပါက သစ်သီး၀လံများကို တင်သွင်းခွင့်မပြုပါကြောင်းနှင့် Singapore Food Agency-SFA သည် တင်သွင်းလာသော သစ်သီးဝလံများကို နမူနာဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်လေ့ရှိပါသည်။

စင်္ကာပူနိုင်ငံသည် သစ်သီးဝလံများ တင်သွင်းခြင်းအတွက် အကောက်ခွန် (Custom Duty) စည်းကြပ် ကောက်ခံခြင်းနှင့်ခွဲတမ်း (Quota) စနစ် ကျင့်သုံးခြင်းမရှိသဖြင့် တင်သွင်းမှုအပေါ် ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (Goods and Services Tax-GST) ကို ဆိပ်ကမ်း ရောက်တန်ဖိုး (CIF) ၏ ၇ ရာခိုင်နှုန်း ကောက်ခံလျှက်ရှိပါသည်။ တောင်အမေရိကတိုက်ရှိ အပူပိုင်းနိုင်ငံ (၃၂) နိုင်ငံနှင့် မက္ကဆီကိုနိုင်ငံတို့မှ တင်သွင်းလာသော သစ်သီး၀လံများအတွက် အပင်ပိုးမွှားရောဂါကင်းရှင်းကြောင်း ထောက်ခံချက်လက်မှတ် တင်ပြရန် လိုအပ်ပါသည်။ ထုပ်ပိုးမှုစနစ်ဖြင့် စင်္ကာပူဈေးကွက် အတွင်းသို့ တိုက်ရိုက်ရောင်းချရန် တင်သွင်းခြင်းဖြစ်ပါက ထုတ်လုပ်သူ၏ အမည်နှင့် လိပ်စာ၊ ကုန်ပစ္စည်းအမျိုးအစား ဖော်ပြချက်၊ တင်ပို့သည့်နေ့စွဲနှင့် ထုပ်ပိုးသည့်နေ့စွဲတို့ကို ဖော်ပြရန် လိုအပ်ပါသည်။

နိုင်ငံပေါင်း (၃၀) ကျော်တို့မှ ထောပတ်သီးကို စင်္ကာပူနိုင်ငံသို့ တင်သွင်း လျှက်ရှိရာ ၂၀၁၉ ခုနှစ်တွင် သြစတြေးလျနိုင်ငံသည် စင်္ကာပူနိုင်ငံသို့ တန်ချိန် ၁၈၆၈ ဖြင့် အများဆုံး တင်ပို့ခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၉၇ ဖြင့် အမြင့်ဆုံးစေျး ရရှိခဲ့ပါသည်။ သြစတြေးလျနိုင်ငံမှလွဲ၍ အခြားပြည်ပနိုင်ငံများသည် စင်္ကာပူနိုင်ငံသို့ ထောပတ်သီးကို ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်သွင်းလျှက် ရှိပါသည်။ ထောပတ်သီးကို ပင်လယ်ရေကြောင်း လိုင်းမှ ၉၅ ရာခိုင်နှုန်းခန့်နှင့် လေကြောင်းလိုင်းမှ ၅ ရာခိုင်နှုန်းခန့် တင်သွင်းလျှက်ရှိကြောင်း သိရှိရပါသည်။ တင်သွင်းလာသည့် လတ်ဆတ်သော သစ်သီး၀လံများကို အဓိကအားဖြင့် ပြည်တွင်း၌ တိုက်ရိုက်စားသုံးရန် ရောင်းချကြပါသည်။

စင်္ကာပူနိုင်ငံရှိ စူပါမားကတ်လုပ်ငန်းအများစုသည် ပြည်ပမှ တိုက်ရိုက်တင်သွင်းခြင်းထက် Importer များမှတစ်ဆင့် ဝယ်ယူရောင်း ချပြီး ၎င်းတို့၏ ဝယ်ယူရေးကိုယ်စားလှယ်ရုံးများကို အဓိကတင်ပို့နေသည့် နိုင်ငံများတွင် ဖွင့်လှစ်ထားရှိပါသည်။ Importer များသည် ဆိုက်ရောက်လာသည့် ထောပတ်သီးများကို အအေးခန်းပါသော ကုန်တင်ယာဉ်များဖြင့် သယ်ယူ၍ Pasir Panjang လက်ကားရောင်းဝယ်ရေးစင်တာ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အအေးခန်း သိုလှောင်ရုံများသို့ ပို့ဆောင်ကြပါသည်။ Pasir Panjang လက်ကားရောင်းဝယ်ရေးစင်တာသည် သစ်သီး၀လံနှင့်ဟင်းသီးဟင်းရွက်များကို လက်ကားဖြန့်ဖြူးရောင်းချသော အဓိကဈေးကြီး ဖြစ်ပါသည်။

စင်္ကာပူနိုင်ငံတွင် သစ်သီး ၀လံနှင့်ဟင်းသီးဟင်းရွက်များကို တင်သွင်း/ တင်ပို့မှုပြုလုပ်သော အသင်းအဖွဲ့ (၂) ခုမှာ Singapore Fruits & Vegetable Importers & Exporters Association နှင့် Singapore Tropical Fruit Importers & Exporters Association တို့ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီမှာ Freshmart Singapore Pte Ltd ဖြစ်ပါသည်။ စင်္ကာပူစေျးကွက်တွင် ဝယ်လိုအားများသော ထောပတ်သီးမျိုးမှာ Hass မျိုး ဖြစ်ပါသည်။

စင်္ကာပူနိုင်ငံသည် စိုက်ပျိုးမြေရှားပါးမှုကြောင့် လတ်ဆတ်သည့်သစ်သီး၀လံများကို ပြည်ပမှ ၁၀၀ ရာခိုင်နှုန်း ဝယ်ယူတင်သွင်းရသဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် မြန်မာ့သစ်သီး၀လံများ တင်ပို့ရောင်းချရန် စေျးကွက်ကောင်းတစ်ခုဖြစ်ပါသည်။ စင်္ကာပူဈေးကွက်သို့ ထိုးဖောက်ရာတွင် တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတား အဆီးများကြောင့်မဟုတ်ဘဲ မြန်မာထောပတ်သီးမျိုးအား ဈေးကွက်အကြိုက်မျိုးများ စိုက်ပျိုးထုတ်လုပ်ပြီး စိုက်ပျိုးထုတ်လုပ်မှုမှ တင်ပို့ရောင်းချသည်အထိ ကွင်းဆက်တစ်လျှောက် (Cold Chain စနစ်ဖြင့် ဆောင်ရွက်နိုင်မှုအပါအဝင်) ထိရောက်သော ယှဉ်ပြိုင်ဆောင်ရွက်နိုင်မှုအခြေအနေပေါ်မူတည်၍ ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း အသိပေးအပ် ပါသည်။

သတင်းရင်းမြစ်။ စီးပွားရေးသံမှူး၊ စင်္ကာပူမြို့

Category: International News