Local News

မြန်မာစီးပွားရေးသံမှူးများ၏ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် အမယ်သစ်ပို့ကုန်များတိုးချဲ့တင်ပို့နိုင်ရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

Last Updated:

ပြည်ထောင်စုဝန်ကြီးများနှင့် အဆင့်မြင့်အရာထမ်းများသည် ပြည်ပနိုင်ငံ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော မြန်မာစီးပွားရေးသံမှူးများ/ ကမ္ဘာ့ကုန်သွယ် ရေးဆိုင်ရာ စီးပွားရေးသံမှူးနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ ရက်၊ အင်္ဂါနေ့ (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဦးအောင်နိုင်ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တို့တက်ရောက်ကြပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် လမ်းညွှန်အမှာ စကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီးပွားရေးသံမှူး၏ အခန်း ကဏ္ဍအရေးပါမှုကို အထူးအလေးထားပါကြောင်း၊ နိုင်ငံတော်စီးပွားရေးတိုးတက်စေရန် ပို့ကုန်များဈေးကွက်ချဲ့ထွင်ရေး၊ ခိုင်မာရေးနှင့် ပို့ကုန်အမယ်သစ်များကို တိုးချဲ့တင်ပို့ရန် အတွက် ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

 ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မူဝါဒပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုဖိတ်ခေါ်ပါကြောင်း၊ မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာကဏ္ဍများ မြှင့်တင်သွားရန်လိုကြောင်း၊  ယခင်အစိုးရက သဘောတူထားသော မူဝါဒများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြေညာချက်အမှတ် ၁၂၀၂၁ ကို ဌာန၏ website တွင် မြန်မာ၊ အင်္ဂလိပ်()ဘာ သာဖြင့် ထုတ်ပြန်ချက်ထားပါကြောင်း၊ ထုတ်ပြန်ချက်များအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများမှ ဆက်သွယ်လာလျှင် မျှဝေပေးစေလိုကြောင်းလမ်းညွှန်မှာ ကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တိုင်းပြည်စီးပွားရေးဖွံဖြိုးရေး လျှင်လျှင်မြန်မြန်တိုးတက်ရန် စီးပွားရေးသံမှူးများ အရေးပါကြောင်း၊ နိုင်ငံအတွင်းအများစုမှာ လယ်ယာအခြေခံသည့် စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ GDP ၂၅ ရာခိုင်နှုန်းရှိကြောင်း၊ လယ်ယာကဏ္ဍစိုက်ပျိုးရေး ဖွံဖြိုးရေးဦးစားပေးလျက်ရှိကြောင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးသည် စားနပ်ရိက္ခာသာမဟုတ် အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ Agrofood system ဖွံ့ဖြိုးအောင် မည်သို့ဆောင်ရွက်မည် ဆိုတာအရေးကြီးကြောင်း၊ အဓိကထုတ်ကုန်တွင် ပဲ၊ ရေထွက်များဖြစ်ကြောင်း၊ အခြားအလားအလာရှိသည့် ထွက်ကုန်များကို ဈေးကွက်ရရှိရန် ကြိုးစားစေလိုကြောင်း၊ လယ်သမားများက ဒီထက်ပိုမိုထုတ်လုပ်နိုင်သည့် အလားအလာရှိကြောင်း၊ ပြည်တွင်းတွင်စားသုံးသည် ထက် ပိုထုတ်နိုင်ကြောင်း၊ ပြည်ပဈေးကွက် မရလျှင် အခက်အခဲရှိနိုင်ကြောင်း၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ကမ္ဘာ့နိုင်ငံများက မြန်မာ့ဆန်များ ၏ အရည်အသွေးကိုလက်ခံကြောင်း၊ အရည်အသွေးကောင်းဆန်များကို တင်ပို့ရန် မိမိတို့မှထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ ဈေးကွက်လိုအပ် ချက်များကို တင်ပြပေးရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

အစည်းအဝေး ပထမနေ့တွင် အမေရိကန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့ရှိ စီးပွားရေးသံမှူးများမှ ၎င်းတို့တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်နိုင်မှုနှင့် အမယ်သစ် ပို့ကုန်များ တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများကို တင်ပြကြပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် တို့က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို နေ့လည် (၁၃:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

၂၄-၂-၂၀၂၁ ရက်နေ့တွင် အစည်းအဝေးဒုတိယနေ့အား ဆက်လက်ကျင်းပမည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပေကျင်း၊ နန်နင်း၊ ဟောင်ကောင်၊ ကူမင်း)၊ စင်ကာပူနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများမှ စီးပွားရေးသံမှူးများ/ ကမ္ဘာကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးသံမှူးတို့က တင်ပြဆွေးနွေးမည်ဖြစ်ပါ သည်။

 

Category: Local News