Belgium

ဘယ်လ်ဂျီယံနိုင်ငံ၏ စူပါမတ်ကတ်များ၌ ကုန်ဈေးနှုန်းများ (၃) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်း

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်၏ ပထမသီတင်းပတ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံရှိ စူပါမတ်ကတ်များ၌ ကုန်ဈေးနှုန်းများသည် (၃) ရာခိုင်နှုန်း မှ (၅) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ကုန်စည်ဈေးနှုန်းများမြင့်တက်ခြင်း၊  ကမ္ဘာ့စွမ်းအင်ဈေးမြင့်တက်မှုကြောင့် စားသောက်ကုန်လုပ်ငန်းများ၏ ကုန်ကျစရိတ်ပိုများလာရာမှ အမြတ်အစွန်းကျဆင်းမှုဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ဘယ်လ်ဂျီယံ၌ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ဟု ယခင်နှစ် စက်တင်ဘာလကပင် ကျွမ်းကျင်သူများက ကြိုတင်ခန့်မှန်းခဲ့ကြခြင်း ဖြစ်ပါသည်။

ဘယ်လ်ဂျီယံနိုင်ငံရှိ Carrefour စူပါမတ်ကတ်၌ ကုန်ဈေးနှုန်း အများဆုံးမြင့်တက်ခဲ့ပြီး၊ ကပ်ရောဂါစတင်ချိန်ကာလနှင့်နှိုင်းယှဉ်လျှင် ပျမ်းမျှအားဖြင့် (၄.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။  Delhaize စူပါမတ်ကတ်၌ (၃.၁) ရာခိုင်နှုန်း၊ Aldi စူပါမတ်ကတ်၌ (၂.၃) ရာခိုင်နှုန်းတို့ဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် ဘယ်လ်ဂျီယံရှိ Albert Heijn နှင့် Colruyt စသည့် စူပါမတ်ကတ်များက ၎င်းတို့၏ ဈေးနှုန်းများကို တိုးမြှင့်ခြင်းမရှိသေးသော်လည်း စားသောက်ကုန်ထုတ်လုပ်သူများနှင့် ညှိနှိုင်းဆွေးနွေးရာတွင် ယခုနှစ်သည် ၎င်းတို့အတွက် အခက်ခဲဆုံးနှစ် တစ်နှစ် ဖြစ်သည်ဟု ပြောကြားကြောင်း သိရပါသည်။

Carrefour နှင့် Delhaize စူပါမတ်ကတ်များသည် ကုန်ဈေးနှုန်းအပြောင်းအလဲများကို ဉီးစွာ လုပ်ဆောင်လေ့ရှိကြကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် ၎င်းတို့ရောင်းချသည့် ထုတ်ကုန်များ၏ (၄) ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းခန့်အထိအား ဈေးနှုန်းပြင်ဆင်ပြောင်းလဲခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းစူပါမတ်ကတ်များအနေဖြင့် ဈေးနှုန်းအပြောင်းအလဲများကို ဆက်လက်ဆောင်ရွက် ဖွယ်ရှိကြောင်း သိရပါသည်။

Colruyt စူပါမတ်ကတ်တွင်မူ ဈေးနှုန်းမြင့်တက်မှုသည် (၀.၄) ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ ၎င်းစူပါမတ်ကတ်အနေဖြင့် အခြားစူပါမတ်ကတ်များ၏ ဈေးနှုန်းအပြောင်းအလဲများကို စောင့်ကြည့် ပြီး နောက်မှလိုက်၍ပြောင်းလဲသည့်ပုံစံ (price follower) ကို ဆောင်ရွက်လေ့ရှိခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ Albert Heijn စူပါမတ်ကတ်အနေဖြင့် ဈေးနှုန်းမြှင့်တင်ခြင်းကို ဆောင်ရွက်ထား ခြင်းမရှိသေးသော်လည်း ဈေးနှုန်းအပြောင်းအလဲပြုလုပ်ခြင်းကိုမူ ရှောင်းလွှဲ၍ရနိုင်မည်မဟုတ် ကြောင်း သိရပါသည်။

စားသောက်ကုန်လုပ်ငန်းကဏ္ဍအနေဖြင့် စွမ်းအင်ဈေးမြင့်တက်မှု၊ သယ်ယူပို့ဆောင် စရိတ်နှင့် ကုန်ကြမ်းပစ္စည်းများအတွက် ကုန်ကျစရိတ်ကြီးမြင့်မှုတို့ကြောင့် အမြတ်အစွန်း လျော့ကျလျက်ရှိပါသည်။ ကုန်ဈေးနှုန်းမြင့်တက်မှုသည် လက်လီဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချမှုများ မြင့်တက်လာခြင်းမှတစ်ဆင့် ၂၀၂၂ ခုနှစ်၊ ဥရောပ၏ ဆောင်းဉီးရာသီကာလခန့်တွင် ပြန်လည် တည်ငြိမ်သွားမည်ဟု စူပါမတ်ကတ်များ၏ ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် နေ့စဉ်ဈေးနှုန်းများကို စောင့်ကြည့်လေ့လာသည့်အဖွဲ့အစည်း Daltrix ကပြောကြားကြောင်း သိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -         https://www.brusselstimes.com/belgium-all-news/202208/prices-in-supermarkets-already-up-3-to-5

Category: Belgium