Belgium

အီးယူနှင့်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အား ဗီယက်နမ်နိုင်ငံမှ အတည်ပြုခဲ့ခြင်း

Last Updated:

ဥရောပသမဂ္ဂနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်တစ်ရပ်အား ဗီယက်နမ်နိုင်ငံက ၈-၆၂၀၂၀ နေ့တွင်အတည်ပြုခဲ့ကြောင်း၊ ယင်းသဘောတူညီချက်သည် အီးယူနှင့် ဗီယက်နမ်နိုင်ငံ တို့အကြား ကုန်စည်ကုန်သွယ်မှုတွင် အကောက်ခွန်များ၏ (၉၉) ရာခိုင်နှုန်းကို ဖယ်ရှားပေးမည်ဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးပိုမိုတိုးတက်စေရေးအတွက် လိုအပ်ချက်များအား ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အီးယူ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ကို ဗီယက်နမ်နိုင်ငံ၊အမျိုးသားလွှတ်တော်တွင် ထောက်ခံမဲ (၉၄) ရာခိုင်နှုန်း ကျော်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အီးယူ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်သည် စင်ကာပူနိုင်ငံပြီးလျှင် ဥရောပသမဂ္ဂအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည့် ဒုတိယမြောက် သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မော်တော်ကားကဲ့သို့သော သွင်းကုန်ပစ္စည်းအချို့အတွက် ကူးပြောင်းချိန်ကာလအဖြစ် (၁၀)နှစ် အချိန်ရရှိမည်ဖြစ်ကြောင်း၊ ယင်းသဘော တူညီချက်အရ စာတိုက်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ သင်္ဘောလိုင်းနှင့် အစိုးရဝယ်ယူရေးလုပ်ငန်း စသည် တို့အပါအဝင် ဗီယက်နမ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ အီးယူ၏ အစားအသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များဖြစ်သည့် ပြင်သစ်ရှန်ပိန်၊ ဂရိ feta cheese ကဲ့သို့သော ထုတ်ကုန်များအတွက် ဗီယက်နမ်နိုင်ငံအတွင်း၌ တုပပြုလုပ်ခြင်းများကို အကာအကွယ်ပေးခြင်း၊ စံချိန်စံညွှန်းများကိုက်ညီစေခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသဘောတူညီချက်တွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ကတိကဝတ်များပါဝင်သော်လည်း  ယင်းတို့နှင့် စပ်လျဉ်းသည့် ဗီယက်နမ်နိုင်ငံ၏မှတ်တမ်းများကို ဥရောပတွင် ဝေဖန်မှုများလည်းရှိကြောင်း၊  အီးယူ-ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည်လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံ၏ GDP ကို (၂.၄) ရာခိုင်နှုန်းနှင့် ပို့ကုန်တင်ပို့မှုကို (၁၂) ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ လူဦးရေသိန်းပေါင်းများစွာကိုလည်း ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေနိုင်မည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားထားကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကို တုန့်ပြန်ဆောင်ရွက်နေချိန်တွင် ထိုကဲ့သို့သော အကျိုးကျေးဇူးများသည် စီးပွားရေးတိုးတက်မှုအတွက် အထူးသဖြင့်အရေးကြီးသည်ဟု ကမ္ဘာ့ဘဏ်မှ ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (euractiv.com)

 

Category: Belgium