Belgium

အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာအသစ်အဖြစ် Mr. Valdis Dombrovskis အား အဆိုပြုခဲ့ခြင်း

Last Updated:

ဥရောပကော်မရှင်၏ အမှုဆောင်ဒုတိယဥက္ကဌဖြစ်သူ Mr. Valdis Dombrovskis သည် အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာအသစ် ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အိုင်ယာလန်နိုင်ငံမှ Mrs. Mairead McGuinness သည် ကော်မရှင်နာအသစ်အဖြစ် ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုရှိ စေရေးအပိုင်းကို တာဝန်ယူသွားမည်ဟု ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က ၈-၉-၂၀၂၀ နေ့တွင် ကြေညာခဲ့ကြောင်းသိရသည်။ ကုန်သွယ်ရေးကော်မရှင်နာရာထူးနေရာအတွက် အဆိုပြုထားသူ အမှုဆောင်ဒုတိယဥက္ကဌ Mr. Valdis Dombrovskis သည် ယခင်ကုန်သွယ်ရေး ကော်မရှင်နာ Mr. Phil Hogan နှုတ်ထွက်ခဲ့ချိန်မှစတင်၍ ခေတ္တကုန်သွယ်ရေး ကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူဖြစ်သည်။

နှုတ်ထွက်သွားခဲ့သည့် ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan ၏ နေရာတွင် အစားထိုး ခန့်အပ်နိုင်ရေးအတွက် အိုင်ယာလန်နိုင်ငံမှ အဆိုပြုကိုယ်စားလှယ်လောင်းများဖြစ်သည့် Mrs. Mairead McGuinness နှင့် Mr. Andrew McDowell တို့ကို တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့အင်တာဗျူးပြုလုပ်ခဲ့ပြီးနောက် Mrs. Mairead McGuinness အား ကော်မရှင်နာရာထူးနေရာ ခန့်အပ်ရန်အတွက် ဥရောပပါလီမန်သို့ အဆိုပြုသွားရန် ၎င်းအနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း ဥရောပ ကော်မရှင်ဥက္ကဌက ပြောကြားခဲ့သည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -  (Politico)

 

Category: Belgium