Australia

ကမ္ဘာလုံးဆိုင်ရာ ဆီထွက်သီးနှံပြတ်လပ်မှုကြောင့် ကာနိုလာဈေးနှုန်း မြင့်တက်မှုက သြစတြေးလျ စိုက်ပျိုးသူများအတွက် အကျိုးဖြစ်ထွန်းစေခြင်း

Last Updated:

သဘာဝဘေးအန္တရာယ်များနှင့် ကုန်သွယ်မှုဆိုင်ရာ တားမြစ်ပိတ်ဆို့မှုများသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံဈေးနှုန်းမြင့်တက်နေရာ ဩစတြေးလျ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအတွက် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

ယူကရိန်းစစ်ပွဲနှင့် ကနေဒါတွင် မိုးခေါင်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ကောက်ပဲသီးနှံ ပြတ်လပ်မှုကို ဩစတြေးလျနိုင်ငံ၏ စံချိန်တင်ရိတ်သိမ်းမှုက ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။ Canada Price Index အရ ကမ္ဘာ့ဈေးကွက်တွင် ကာနိုလာတစ်တန်လျှင် ကနေဒါဒေါ်လာ ၁,၁၈၄.၇၀ တန်ကြေးရှိပြီး လွန်ခဲ့သည့် တစ်နှစ်ခန့်က ကနေဒါဒေါ်လာ ၆၈၀ မှ နှစ်ဆနီးပါးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဩစတြေးလျနိုင်ငံတွင် ဈေးနှုန်းများသည် လွန်ခဲ့သည့် ခြောက်လအတွင်း တစ်တန်လျှင် ဩစတြေးလျဒေါ်လာ ၁,၀၀၀ ကျော်အထိ တောက်လျှောက်မြင့်မားနေသည်။

သြစတြေးလျဆီထွက်သီးနှံများအဖွဲ့ချုပ်မှ အမှုဆောင်ချုပ် Nick Goddard က ကမ္ဘာ့ရောင်းလိုအားကြပ်တည်းမှုနှင့် ယမန်နှစ်က စံချိန်တင်နိုင်ငံလုံး ဆိုင်ရာ ရိတ်သိမ်းမှုတန်ချိန် ၆.၄ သန်းကြောင့် သြစတြေးလျ လယ်သမားများသည် ယခုနှစ်တွင် ကြီးကြီးမားမား၀င်ငွေရရှိမည်ဟု ခန့်မှန်းထားသည်။ ယူကရိန်းအခြေအနေသည် ကာနိုလာစျေးနှုန်းမြင့်တက်ခြင်း အကြောင်းတစ်ရပ်ဖြစ်သည့်အပြင် ဥရောပနှင့် အမေရိကန်နိုင်ငံတဝှမ်းတွင် ဇီဝလောင်စာ ဝယ်လိုအား မြင့်မားခြင်းသည် အခြားသောအချက်ဖြစ်ကြောင်း Mr Goddard က ပြောကြားခဲ့သည်။

ပြီးခဲ့သော ၂၂-၄-၂၀၂၂ ရက်နေ့က အင်ဒိုနီးရှားအစိုးရသည် စားအုန်းဆီတင်ပို့မှုကို တားမြစ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားအုန်း ဆီထောက်ပံ့သူဖြစ်သောကြောင့် အခြားဆီထွက်သီးနှံများ ၀ယ်လိုအားမြင့်တက်လာမည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။ အင်ဒိုနီးရှားနိုင်ငံရှိ စူပါမားကတ်များတွင် ဟင်းသီးဟင်းရွက်ဆီဈေးများ မြင့်တက်လာမှုကို ထိန်းနိုင်ရန် အစိုးရက စားအုန်းဆီတင်ပို့ခြင်းကို တားမြစ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

စားအုန်းဆီသည် ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုမှုအများဆုံးဖြစ်သည်။ ကနေဒါ၊ ပြင်သစ်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ကာနိုလာဆီထွက်သီးနှံ အနာဂတ်မှာ ပဲပုပ် ဆီကဲ့သို့ပင် အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

လာမည့်လများအတွင်း ဩစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် ရာသီအလိုက်အခြေအနေများ အားကောင်းမည်ဟု ခန့်မှန်းထားပြီး၊ လာနီနာသည် ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းထားသည်။ နယူးဆောက်ဝေးလ်အနောက်အလယ်ပိုင်းရှိ လယ်သမားများသည် ကာနိုလာကို များစွာ စိုက်ပျိုးကြလျက်ရှိပြီး၊ စိုက်ပျိုးသူများမှာ လက်ရှိဈေးနှုန်းများကြောင့် ပိုမိုစိုက်ပျိုးလိုကြကြောင်း သိရှိရသည်။ သို့သော် အဓိကသွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာကုန်ကျစရိတ်မှာ ၂ ဆခန့် မြင့်တက်နေပြီး၊ လောင်စာဆီကုန်ကျစရိတ်မှာလည်း ကြီးမားလျက်ရှိကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: Australia