Australia

ကမ္ဘာ့အကြီးဆုံးလွတ်လပ်သော ကုန်သွယ်မှုဒေသ စတင်သက်ဝင်ခြင်း

Last Updated:

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ ပါဝင်အကောင်အထည်ဖော်ဆောင်မည့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ် သည် ၁-၁-၂၀၂၂ ရက်နေ့မှ စတင်သက်ဝင်ပြီဖြစ်ကြောင်းနှင့် ဩစတြေးလျစိုက်ပျိုးမွေးမြူသူများနှင့် စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသသို့ ဝင်ရောက်ခွင့်ရရှိပြီဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ၁-၁-၂၀၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

သတင်းထုတ်ပြန်ချက်တွင် ဩစတြေးလျ၊ နယူးဇီလန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ လာအို၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အတွက် RCEP သဘော တူစာချုပ် စတင်သက်ဝင်ခြင်းကို ကြိုဆိုပါကြောင်း၊ RCEP သဘောတူစာချုပ်သည် ကိုရီးယားနိုင်ငံအတွက် ၂-၂-၂၀၂၂ ရက်နေ့တွင် စတင်သက်ဝင်မည်ဖြစ်ပါ ကြောင်း၊ RCEP သည် ဩစတြေးလျ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများတိုးမြှင့်ပေးကာ ဒေသတွင်းအနှံ့ တိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လှုံ့ဆော် ပေးမည်ဖြစ်ကြောင်း၊ အဆိုပါဈေးကွက်များတွင် ဩစတြေးလျထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြင့်မားစွာ အသိအမှတ်ပြုထားခြင်းက ဩစတြေးလျ စီးပွားရေး လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းဖြစ်ပါကြောင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ လိုအပ်ချက်များကို  တစ်ပြေးညီဖြစ်စေခြင်းဖြင့်  RCEP  သည် ဒေသတွင်း ရင်းမြစ်များမှ အကျိုးအမြတ်ရယူကာ စီးပွားရေးလုပ်ငန်းများ အဓိကပါဝင်နိုင်သည့် ဒေသတွင်းတန်ဖိုးမြှင့်ကွင်းဆက်များမှ တစ်ဆင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်းဖော်ပြပါရှိပါသည်။

RCEP သဘောတူစာချုပ်သည် ဝန်ဆောင်မှုများ၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများကဲ့သို့သော အကြီးမားဆုံးတိုးတက်မှု အလားအလာမှာ RCEP စီးပွား ရေးတွင်ရှိရာ အဆိုပါဧရိယာများတွင် ဩစတြေးလျနိုင်ငံက လက်ရှိအကောင်အထည်ဖော်ဆောင်လျက်ရှိသည့် ကုန်သွယ်ရေးသဘောတူစာချုပ်များ အပေါ် တိုးတက်မှုများကို ဖြစ်ပေါ်စေပါသည်။ ထို့အပြင် RCEP သည် အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN-Australia- New Zealand Free Trade Area- AANZFTA) ပေါ်တွင် တည်ဆောက်ထားသည့် ခိုင်မာသောကုန်သွယ်မှုစည်းမျဉ်းများမှတစ်ဆင့် သြစတြေးလျ၏ အင်ဒို-ပစိဖိတ် ဒေသရှိ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးနိုင်ကာ RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ချုပ်ဆိုထားသည့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်များနှင့် The Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) တို့အတွက် ဖြည့်စွက်ချက်ဖြစ်စေပြီး၊ အာဆီယံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးပါသည့်အချက်ဖြစ်သည့် အာဆီယံနှင့် ဩစတြေးလျ၏ ကုန်သွယ်မှုဆက်ဆံရေးကို ပိုမိုခိုင်မာစေပါသည်။

၁-၁-၂၀၂၂ ရက်နေ့တွင် CPTPP နှင့် ကိုရီးယား-ဩစတြေးလျကုန်သွယ်ရေးသဘောတူစာချုပ် (The Korea-Australia Free Trade Agreement-KAFTA) များ အပါအဝင် အခြားကုန်သွယ်ရေးသဘောတူစာချုပ်များ၏ နှစ်စဉ်အကောက်ခွန်နှုန်းထား ထပ်မံလျှော့ချမှုများရှိနေပြီဖြစ်ရာ CPTPP အရ ဩစတြေးလျတူနာနှင့် ဆာလမွန်ငါးတို့အပေါ်  ဂျပန်နိုင်ငံ၏ အကောက်ခွန်နှုန်းထားများမှာ ၁.၉ % သို့ကျဆင်းသွားပြီး၊  KAFTA အရ ဩစတြေးလျသိုးသားနှင့် ဆိတ်သားတို့အပေါ် ကိုရီးယားနိုင်ငံ၏ အကောက်ခွန်နှုန်းထားမှာ ၂.၂၅ % သို့ ကျဆင်းသွားပြီဖြစ်ပါသည်။ ထို့အပြင် ဩစတြေးလျနိုင်ငံ၊ ကုန်သွယ်မှုဈေးကွက်၏ ၇၅ % မှာ လွတ်လပ် သော ကုန်သွယ်မှုဒေသများနှင့် အကျုံးဝင်လျက်ရှိရာ စားသုံးသူများမှာ ၃.၃၅ ဘီလီယံတန်ဖိုးရှိ အကောက်ခွန်သက်သာခွင့်များကို ရရှိခံစားလျက်ရှိပါသည်။

စီးပွားရေးလုပ်ငန်းများ COVID-19 ကပ်ရောဂါမှ ပြန်လည်ဦးမော့လာစေရန် နိုင်ငံတကာကုန်သွယ်မှုမှာ အဓိကကျသောအစိတ်အပိုင်းဖြစ်ရာ RCEP စတင်သက်ဝင် ခြင်းနှင့် ဩစတြေးလျနိုင်ငံ၏ အခြားသော ကုန်သွယ်ရေးသဘောတူစာချုပ်များ၏ အကောက်ခွန်နှုန်းထား ထပ်မံလျှော့ချမှုများကြောင့် ဩစတြေးလျနိုင်ငံ၏ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးရာတွင် အထောက်အကူဖြစ်စေမည့်အပြင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်စေနိုင်ကြောင်း သိရှိရပါသည်။ ကုန်သွယ်မှုသည် သြစတြေးလျစီးပွားရေးအတွက် အရေးပါပြီး၊ အလုပ်အကိုင် (၅) ခုတွင် တစ်ခုပါဝင်ကာ နိုင်ငံ၏ GDP ကို မြှင့်တင်ပေးနိုင်သည့်အပြင် စီးပွားရေး လုပ်ငန်းများ၊ ဝန်ထမ်းများနှင့် အိမ်ထောင်စုများအတွက် အမှန်တကယ် အကျိုးခံစားခွင့်များကို ဆောင်ကြဉ်းပေးလျက်ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.au

Category: Australia