Belgium

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြှင့်တက်လာသဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်တ်ဝပ်ပြည်နယ်၌ ညမထွက်ရ အမိန့်ထုတ်ပြန်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်တိုးလာခြင်းကို ထိန်းသိမ်းနိုင်ရေးအတွက် ဘယ်လ်ဂျီယံနိုင်ငံ၊ အန့်တ်ဝပ်ပြည်နယ် အာဏာပိုင်များအနေဖြင့် ပြည်နယ်တစ်ခုလုံးအတွက် ညမထွက်ရအမိန့် (curfew) ကို ပြဌာန်းမည်ဖြစ်ကြောင်း သိရသည်။ အသွားအလာကန့်သတ်မှု (all-out lockdown) ကို ကာကွယ်တားဆီးနိုင်ရေးအတွက် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ပြည်နယ်တွင် နေထိုင်သူများအနေဖြင့် ည (၁၁:၃၀) နာရီမှ နံနက် (၆:၀၀) အတွင်း နေအိမ်တွင်သာနေထိုင်ရမည်ဖြစ်သည်။ အချိန်ကြာမြင့်စွာဆွေးနွေးခဲ့ရသည့်အစည်းအဝေးအပြီးတွင် အသက် (၁၂) နှစ်အထက်အရွယ်ရှိ ပြည်နယ်တွင် နေထိုင်သူများသည် အများပြည်သူသွားလာရာနေရာများအားလုံးတွင် နှာခေါင်းစည်း (masks) များကို မဖြစ်မနေတပ်ဆင်ရမည် ဖြစ်ကြောင်း  အန့်တ်ဝပ်ပြည်နယ်အုပ်ချုပ်ရေးမှူး Cathy Berx က ကြေညာခဲ့သည်။

အဆိုပါညမထွက်ရအမိန့်အရ စားသောက်ဆိုင်များ၊ ဘားများ၊ ကော်ဖီဆိုင်များ စသည်တို့သည် ည (၁၁:၀၀) နာရီအချိန်တွင် ပိတ်သိမ်းရမည် ဖြစ်ပြီး၊ စားသုံးသူများအကြား social distance အကွာအဝေး (၁.၅) မီတာ ထားရှိရမည့် စည်းကမ်းချက်ကို လိုက်နာစေရေးတင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်သည်။ သီတင်းပတ်(၄)ပတ်အကြာထိ သတ်မှတ်ထားရှိမည့် ၎င်းစည်းမျဉ်းအသစ်များကို ဘယ်လ်ဂျီယံနိုင်ငံတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ထပ်မံတင်းကျပ်သည့် အစီအမံများနှင့်အတူဆောင်ရွက်ခြင်းဖြစ်သည်။

ည (၁၀:၀၀) နာရီမှ နံနက် (၇:၀၀) နာရီအတွင်း အရက်သေစာရောင်းချခြင်းကိုလည်း အန့်တ်ဝပ်အာဏာပိုင်များက တားမြစ်ထားသည်။ အန့်တ်ဝပ်မြို့ရှိ အားကစားလေ့ကျင့်ရေးစင်တာ များမှာလည်း ပိတ်ထားရမည်ဖြစ်ပြီး၊ အများပြည်သူဆိုင်ရာအခမ်းအနားများအားလုံးကို ပိတ်ပင်ထားကြောင်း၊ မကြာသေးမီရက်များအတွင်း ဘယ်လ်ဂျီယံနိုင်ငံတစ်ဝန်းတွင်ဖြစ်ပွားခဲ့သည့် ရောဂါကူးစက်မှုအသစ်များအားလုံး၏ ၅၅ ရာခိုင်နှုန်းဝန်းကျင်မှာ အန့်တ်ဝပ် ဒေသတစ်ခုတည်းမှဖြစ် ကြောင်း သိရသည်။

 

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

 

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်၊ ၂၈-၇-၂၀၂၀)

Category: Belgium