Belgium

စက်မှုလုပ်ငန်းအထောက်အပံ့ပေးမှုဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများ ပိုမိုခိုင်မာစေရေးနည်း လမ်းသစ်များအပေါ် အီးယူ၊ အမေရိကန်နှင့် ဂျပန်တို့ သဘောတူညီမှုရရှိ

Last Updated:

        နည်းပညာအတင်းအကျပ်လွှဲပြောင်းစေမှုနှင့် စက်မှုလုပ်ငန်း အထောက်အပံ့ပေးမှုဆိုင်ရာ တည်ဆဲစည်းမျဉ်းစည်းကမ်းများ ပိုမိုခိုင်မာစေရေး သဘောတူညီချက်တစ်ရပ်ကို ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ဂျပန်တို့အကြား ၁၄-၁-၂၀၂၀ နေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၊ အီးယူနှင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ ဝါရှင်တန်တွင်တွေ့ဆုံခဲ့သည့် အစည်း အဝေးတွင် WTO စည်းမျဉ်းများအရ တားမြစ်ထားသည့် အစိုးရထောက်ပံ့ပေးမှု (subsidies list) များအပေါ် လက်ရှိကိုင်တွယ်နေသည့် လုပ်ထုံးလုပ်နည်းများသည် ဈေးကွက်နှင့် ကုန်သွယ်မှုဆိုင်ရာ အနှောက်အယှက်ဖြစ်စေသည့် အထောက်အပံ့ပေးမှုများအား ဖြေရှင်းနိုင်ရန် လုံလောက်မှု မရှိသေး ခြင်းအပေါ် သဘောတူညီခဲ့ကြကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အစိုးရ အထောက် အပံ့ပေးမှုဆိုင်ရာသဘောတူညီချက် (WTO Agreement on Subsidies) တွင် တားမြစ်သည့် subsidies ပုံစံအသစ်များနှင့် ယင်းတို့ကို တုန့်ပြန်ဆောင်ရွက်မည့်အစီအမံများ (Countervailing Measures) ကို ထပ်မံထည့်သွင်းရန် လိုအပ်ကြောင်း အဆိုပါအစည်းအဝေးက ကောက်ချက်ချခဲ့ ကြောင်း သိရှိရပါသည်။

          ကမ္ဘာ့ကုန်သွယ်မှုတွင် မျှတသောယှဉ်ပြိုင်မှုဖြစ်စေရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင် ပြောင်းလဲရေးသည် အီးယူနှင့် ဉရောပကော်မရှင်၏ အဓိကဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ယခုထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်သည် ကမ္ဘာ့ ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေသည့် အခြေခံပြဿနာအချို့ကို ဖြေရှင်းနိုင်ရေးအရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါ ပြဿနာများအား ဖြေရှင်းနိုင်ရေးတွင် နိုင်ငံစုံစေ့စပ်ညှိနှိုင်းဆွေးနွေးမှုများသည် ထိရောက်နိုင်မည့် ဖြစ်ကြောင်းကို အီးယူအနေဖြင့် အစဉ်တစိုက်ပြောကြားခဲ့ကြောင်း၊ အမေရိကန်နှင့် ဂျပန်နိုင်ငံ တို့မှလည်း ယင်းအချက်အား လက်ခံခဲ့ကြခြင်းကို ကြိုဆိုကြောင်းနှင့် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ  တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်း၊ ယခုထုတ်ပြန်ကြေညာချက်သည် ကမ္ဘာ့ကုန်သွယ်မှုတွင် အဓိကအရေးပါသည့်နိုင်ငံများအကြား ခိုင်မာသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်း၏ သင်္ကတတစ်ခုလည်းဖြစ်ကြောင်း အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Phil Hogan က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

       အီးယူ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် ပမာဏအလွန်များပြားသည့် အထောက်အပံ့ပေးမှု (excessively large subsidies) ကဲ့သို့သော ကုန်သွယ်ရေးအပေါ် ထိခိုက်နိုင်သည့် အထောက်အပံ့ ပေးခြင်းများနှင့် စပ်လျဉ်း၍လည်း WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်သွယ်မှုအပေါ် ပြင်းထန် သည့် ဆိုးကျိုးသက်ရောက်မှု မရှိကြောင်းပြသနိုင်ရန် လိုအပ်မှုနှင့် ကုန်သွယ်မှုအပေါ် ပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှု မရှိကြောင်းပြသနိုင်ရန် လိုအပ်မှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့ကို သဘောတူညီခဲ့ကြကြောင်း၊ အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွက် ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တို့အတွက်  နည်းပညာလွှဲပြောင်းမှု၏ အရေးပါမှုနှင့် တတိယနိုင်ငံများ၏ နည်းပညာအတင်းအကျပ် လွှဲပြောင်းစေမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများအား တားဆီးကာကွယ်ရန် စည်းမျဉ်းဉပဒေသများ မိတ်ဆက်ပြဌာန်းနိုင်ရေး အလားအလာကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ ယင်းပူးတွဲထုတ်ပြန်ကြေညာ ချက်သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ကျင်းပမည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (12th WTO Ministerial Conference)  အကြိုကာလတွင် အဓိကကျ သော ပြဿနာရပ်များအား ဖြေရှင်းနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြချက်အရသိရှိရပါသည်။

 

ရင်းမြစ်- (http://www.ec.europe.eu/trade)

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: Belgium