Belgium

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ကျင်းပမည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဆိုင်ရာပြပွဲ Fruit Attraction 2021 သို့ ကုမ္ပဏီပေါင်း (၁၂၀၀) ခန့် ပါဝင်ပြသရန် မှတ်ပုံတင်ထား

Last Updated:

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၇ ရက်အထိ In-person ပုံစံကျင်းပမည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဆိုင်ရာပြပွဲ Fruit Attraction 2021 သို့ ပါဝင် ပြသရန်အတွက် စပိန်နိုင်ငံရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့် ဒေသများနှင့် နိုင်ငံပေါင်း (၄၀) ခန့်မှ ကုမ္ပဏီပေါင်း (၁၂၀၀) နီးပါးက မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ ပါဝင် ပြသမည့် ကုမ္ပဏီအရေအတွက် ထပ်တိုးလာနိုင်ကြောင်းလည်း သိရသည်။

အဆိုပါပြပွဲသည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ ပြပွဲများ၊ ခန်းမများ စီစဉ်သည့်လုပ်ငန်း IFEMA MADRID (Fair Institution of Madrid) နှင့် စပိန်နိုင်ငံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အပင်နှင့်ပန်းများ ထုတ်လုပ်တင်ပို့သူများအသင်းချုပ် (FEPEX) တို့မှ စီစဉ်ကျင်းပသည့် နိုင်ငံတကာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍဆိုင်ရာ ပြပွဲကြီးတစ်ခု ဖြစ်ပါသည်။ ပြပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်သည့် ဝက်ဘ်ဆိုဒ်မှာ https://www.ifema.es/en/fruit-attraction ဖြစ်ပါသည်။

Fruit Attraction 2021 သည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့အား အရည်အသွေး၊ တီထွင် ဆန်းသစ်မှု၊ မတူကွဲပြားမှုတို့ဖြင့် လတ်ဆတ်ထုတ်ကုန်များ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ကမ္ဘာ့ဗဟိုချက်သဖွယ် ဖြစ်လာစေရန် IFEMA MADRID ၏ ပြခန်းဆောင် (၈) ခု၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ထုတ်ကုန်များကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။

၃၀-၈-၂၀၂၁ ရက်နေ့အထိ Fruit Attraction 2021 သို့ ပါဝင်ပြသရန် အတည်ပြု ထားသည့်နိုင်ငံများမှာ အယ်လ်ဘေးနီးယား၊ ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ချီလီ၊ ကိုလံဘီယာ၊ အိုင်ဗရီကို့စ်၊ ကော်စတာရီကာ၊ ဒိန်းမတ်၊ အီကွေဒေါ၊ အီဂျစ်၊ ဆလိုဗေးနီးယား၊ စပိန်၊ အမေရိကန်ပြည်ထောင်စု၊ အီသီယိုးပီးယား၊ ပြင်သစ်၊ ဂါနာ၊ ဂရိ၊ အီတလီ၊ ကင်ညာ၊ မာလီ၊ မော်ရိုကို၊ မက္ကဆီကို၊ မော်လ်ဒိုဗာ၊ ပနားမား၊ ပီရူး၊ ပိုလန်၊ပေါ်တူဂီ၊ ဗြိတိန်၊ ချက်သမ္မတနိုင်ငံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဆီနီဂေါ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူနီးရှား၊ တူရကီနှင့် ယူကရိန်းနိုင်ငံတို့ဖြစ်ကြကြောင်း သိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - (https://www.ifema.es/en/fruit-attraction, https://www.freshfruitportal.com/ )

Category: Belgium