Australia

တရုတ်နိုင်ငံတွင် ကော်ဖီရေပန်းစားမှုက ဩစတြေးလျ ကော်ဖီတင်ပို့မှု အခွင့်အလမ်းကို ဖြစ်ပေါ်စေခြင်း

Last Updated:

တရုတ်နိုင်ငံ၏ မြို့ပြနှင့် ချမ်းသာသောလူဦးရေသည် ယခင်ကထက် ကော်ဖီကို ပိုမိုသောက်သုံးလာကြရာ ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ် အတွင်း တရုတ်နိုင်ငံတွင် ကော်ဖီသောက်သုံးမှု ၁၄၀ % တိုးလာကြောင်း USDA အစီရင်ခံစာအရ သိရှိရသည်။ ကော်ဖီယဉ်ကျေးမှုသည် တရုတ်နိုင်ငံရှိ လူအများနှစ်သက်သည့် အရှိန်အဟုန်ဖြင့် တိုးမြင့်လာသော မြို့ပြလူနေမှုပုံစံနှင့် ကိုက်ညီနေကြောင်း သိရှိရသည်။

တရုတ်ကော်ဖီတင်သွင်းမှုသည် ၂၀၂၁ ခုနှစ်တွင် ၁၄၄ % တိုးလာခဲ့ပြီး ဩစတြေးလျဒေါ်လာ ၁.၁၂ ဘီလီယံအထိ ရှိခဲ့သည်။ မလေးရှား၊ ဗီယက်နမ်၊ ဂျပန်၊ ဂွါတီမာလာနှင့် ကိုလံဘီယာတို့သည် ထိပ်တန်းတင်သွင်းသူ (၅) ဦးဖြစ်ပြီး၊ စုစုပေါင်း ကော်ဖီတင်သွင်းမှု၏ ၅၇% ခန့်ရှိကြောင်း တရုတ် အကောက်ခွန်ဌာန၏ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

ကော်ဖီလှော်အတွက် စျေးကွက်ဝေစု အနည်းငယ်သာရှိသော်လည်း သြစတြေးလျတွင် စိုက်ပျိုးပြီး လှော်ထားသောကော်ဖီသည် အရည်အသွေး အတွက် ကျော်ကြားသည်။ Flat White (သို့) Ao Bai (Australia White) သည် တရုတ်ကော်ဖီဆိုင်များတွင် ပို၍ရေပန်းစားလာကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ယခုအခါ ကမ္ဘာ့ကော်ဖီဈေးကွက်တွင် အလျင်မြန်ဆုံးကြီးထွားလာနေပြီး၊ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ တရုတ်နိုင်ငံတွင် ကော်ဖီဆိုင် ပေါင်း ၁၁၀,၀၀၀ ခန့်ရှိသည်။ တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကော်ဖီသောက်သုံးသည့်မြို့ဖြစ်သော ချန်ဒူးမြို့တွင် ၂၀၂၀ ပြည့်နှစ်က တစ်ရက်လျှင် ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံသည် Starbucks ဆိုင်ပေါင်း ၅,၄၀၀ ကျော်ရှိပြီး၊ Luckin Coffee ကဲ့သို့သော ဒေသတွင်းပြိုင်ဘက်များသည်လည်း လုပ်ငန်းများကို တိုးချဲ့လျက်ရှိကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အလယ်အလတ် ကော်ဖီထုတ်လုပ်သူဖြစ်ပြီး၊ ထုတ်လုပ်မှုအများစုမှာ ပြည်တွင်း၌ စားသုံးကြကြောင်းသိရှိရသည်။ တရုတ် ကော်ဖီသောက်သုံးမှုသည် ပြည်တွင်းထုတ်လုပ်မှုထက် ပိုမိုမြန်ဆန်စွာ တိုးမြင့်လာနေရာ ယင်းက ကမ္ဘာတစ်ဝှမ်းရှိ ကော်ဖီတင်ပို့သူများအတွက် အခွင့် အလမ်းများ ဖန်တီးပေးနေသည်။

USDA မှ ပညာရှင်များက ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုသည် ၆၀ ကီလိုဂရမ်အိတ် ၁.၇၅ သန်းအထိ ကျဆင်းမည်ဟု ခန့် မှန်းထားသည်။ တရုတ် ကော်ဖီထုတ်လုပ်သူများသည် ကော်ဖီထုတ်လုပ်မှုတွင် အမြတ်အစွန်းနည်းပြီး၊ အခြားသီးနှံများဆီသို့ ပြောင်းလဲနေကြသည်။ တရုတ်နိုင်ငံ၏ ကော်ဖီတင်သွင်းမှုသည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၆၀ ကီလိုဂရမ် အိတ်ပေါင်း ၄ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

တရုတ်ကော်ဖီဈေးကွက်သို့ ဝင်ရောက်ရန်ကြိုးပမ်းနေသည့် ဩစတြေးလျ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် Austrade က ပြုစုထားသည့် တရုတ် ဈေးကွက်ဆိုင်ရာ အချက်အလက်များကို လေ့လာသင့်ကြောင်းနှင့် တရုတ်နိုင်ငံက ထုတ်ပြန်ထားသည့် ကော်ဖီစေ့အစိမ်းနှင့် လှော်ထားသော ကော်ဖီ စေ့များ တင်သွင်းရာတွင် လိုအပ်ချက်များ လက်စွဲစာအုပ်ကိုလည်း လေ့လာရန်လိုအပ်ကြောင်း အကြုံပြုပြောကြားထားသည်။ USDA ကလည်း တရုတ် ကော်ဖီ ဈေးကွက် အစီရင်ခံစာကို ပြုစုထားကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: Austrade

 

Category: Australia