Australia

တရုတ်နိုင်ငံရှိ COVID-19 ပိတ်ဆို့မှုများကြောင့် ဈေးနှုန်းမငြိမ်သက်မှုများရှိသော်လည်း သံသတ္တုရိုင်းအမြတ်အစွန်းသည် 'သိသိသာသာ' ဆက်ရှိနေနိုင်ဖွယ်ရှိခြင်း

Last Updated:

ဩစတြေးလျနိုင်ငံ၏ အမြတ်အစွန်းများသော သံသတ္တုရိုင်းကဏ္ဍသည် တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျယ်ပြန့်သော ထပ်မံပိတ်ဆို့မှုများ ကြောင့် စိုးရိမ်စိတ်များဖြစ်ပေါ်ကာ သီတင်းပတ်အစတွင် ဈေးနှုန်း ၁၀% ကျဆင်းခဲ့သည်ကို တွေ့ရှိရပြီးနောက် ဈေးကွက်မငြိမ်မသက်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သိရှိရသည်။ သြစတြေးလျ ရှယ်ယာဈေးကွက်သည် ၂၆-၄-၂၀၂၂ ရက်နေ့က ဩစတြေးလျဒေါ်လာ ၅၀ ဘီလီယံဆုံးရှုံးခဲ့ပြီး၊ သံသတ္တုရိုင်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃၅.၇၅ (ဩစတြေးလျ ဒေါ်လာ ၁၈၈.၈၁) ဖြင့် ၁၀% နီးပါး ကျဆင်းခဲ့သည်။

Commonwealth Bank of Australia (CBA) မှ သတ္တုတူးဖော်ရေးနှင့် စွမ်းအင်ကုန်စည်ဆိုင်ရာ သုတေသနအဖွဲ့ဒါရိုက်တာ Vivek Dhar က ယင်းသို့ ရှယ်ယာဈေးနှုန်း ကျဆင်းရခြင်းမှာ တရုတ်နိုင်ငံတွင် COVID-19 ပိတ်ဆို့ခြင်းများကြောင့် သြစတြေးလျ သတ္တုရိုင်းများ၏ ဝယ်လိုအား ကျဆင်းလာ ခြင်း၏ ရလဒ်များဖြစ်ကြောင်း၊ ရှန်ဟိုင်းတွင် ပြုလုပ်သည့် ပိတ်ဆို့မှုများကဲ့သို့ ဘေဂျင်းတွင်လည်း ပြင်းထန်သော ပိတ်ဆို့မှုများကို ကြုံတွေ့နိုင် ကြောင်း၊  လာမည့်လအနည်းငယ်တွင် တရုတ်နိုင်ငံရှိ သံမဏိစက်ရုံများမှ ဝယ်လိုအား အားနည်းလာမှုကို မြင်တွေ့ရနိုင်ပြီး၊ ဈေးနှုန်းကို နိမ့်ကျစေ မည့် အလားအလာရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အဓိကမူဝါဒချမှတ်သူများဖြစ်သည့် ပေါ်လစ်ဗျူရို (politburo) သည် ယခုသီတင်းပတ်အတွင်း ၎င်း၏ ဧပြီလသုံးလပတ်အစည်း အဝေးတွင် တွေ့ဆုံမည်ဖြစ်ရာ Mr. Dhar က အဆိုပါအစည်းအဝေးတွင် သံသတ္တုရိုင်းများအပေါ်တွင် အကျိုးသက်ရောက်မှုများ ထပ်မံရှိလာနိုင် ဖွယ်ရှိသည့်အတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမည့် ပံ့ပိုးကူညီမှုဆိုင်ရာ အစီအမံများကို ပြသသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှုနှင့် အခြေခံအဆောက်အအုံကဏ္ဍများသည် သံသတ္တုရိုင်း စျေးနှုန်းပြောင်းလဲမှုအတွက် အရေးကြီးသောအချက်ဖြစ်သည့် တရုတ်သံမဏိလိုအပ်ချက်၏ ၆၀% ခန့်ကို ဖန်တီးပေးခဲ့ကြောင်းသိရှိရသည်။ နောက်ထပ်အချက်တစ်ချက်မှာ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အတိုင်း သံမဏိထုတ်လုပ်နှုန်းကို လျှော့ချရန် တရုတ်နိုင်ငံက ပြီးခဲ့သည့်အပတ်က ကြေငြာခဲ့သည်။ ထုတ်လုပ်မှုလျှော့ချခြင်းကြောင့် ယမန်နှစ်တွင် သံရိုင်းဈေးနှုန်းအပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့ပြီး၊ စျေးနှုန်းများသည် မေလလယ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၃၃ မှ နိုဝင်ဘာ လလယ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၇ သို့ ကျဆင်းခဲ့သည်။ ယခုနှစ်တွင်လည်း အလားတူ အကျိုးသက်ရောက်မှုများရှိနိုင်ကြောင်း သုံးသပ်ထားသည်။

ယခုနောက်ဆုံးစျေးနှုန်းကျဆင်းမှုနှင့် နောက်ထပ်ကျဆင်းမည့် ခန့်မှန်းချက်များရှိသော်လည်း သတ္တုတူးဖော်ရေးနှင့် စွမ်းအင်သုံးကုန်ပစ္စည်းများ ဆိုင်ရာ သုတေသနဒါရိုက်တာက သြစတြေးလျသံသတ္တုရိုင်းထုတ်လုပ်မှုမှာ အန္တရာယ်ရှိသည်ဟု မယုံကြည်ကြောင်း၊ နိုင်ငံ၏ သံသတ္တုရိုင်းကဏ္ဍ၏ အမြတ်အစွန်းနှင့်ပတ်သက်လာလျှင် အလွန်အားကောင်းဆဲဖြစ်ပြီး သံသတ္တုရိုင်းကဏ္ဍ၏ အမြတ်အစွန်းရရှိမှုသည် ၂၀၂၂ ခုနှစ်အထိ ဆက်လက် တည်ရှိနေမည်ဟု ခန့်မှန်းထားသည်။

ဩစတြေးလျနိုင်ငံသည် ဘရာဇီးလ်နိုင်ငံနှင့်အတူ သံသတ္တုရိုင်းထုတ်လုပ်မှုကုန်ကျစရိတ် အနည်းဆုံးဖြင့် ရပ်တည်လျက်ရှိရာ အမြတ်အစွန်းရရှိနိုင် ကြောင်း၊ ရေရှည်တွင် စျေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ မှ ၁၆၀ အကြား ရွေ့လျားမည်ဖြစ်ပြီး နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁၀၀ သို့ ကျဆင်းသွားမည့် အလားအလာရှိကြောင်း ခန့်မှန်းထားသည်။

ယခုနှစ်ဘတ်ဂျက်သည် စက်တင်ဘာသုံးလပတ်အကုန်တွင် သံရိုင်းတစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅၅ သို့ကျဆင်းနိုင်မည်ဟု ခန့်မှန်း ထားသည်။ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာတိုးလာတိုင်း၊ ဘဏ္ဍာရေးဆန်းစစ်ချက်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အခွန်ပြေစာများ ဆီသို့ ဩစတြေးလျဒေါ်လာသန်း ၂၀၀ ခန့်တိုးလာပြီး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၆၀၀ တိုးလာမည်ဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: Australia