Brazil

တရုတ်နိုင်ငံ၏ မွေးမြူရေးလုပ်ငန်းများ လျင်မြန်စွာ ပြန်လည်နာလံထူလာမှုကြောင့် တိရိစ္ဆာန်အစာကုန်ကြမ်းဖြစ်သည့် ပဲပုတ်စေ့နှင့် ပြောင်းဝယ်လိုအားများ မြင့်တက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ ဝက်မွေးမြူရေးလုပ်ငန်းသည် မျှော်မှန်းထားသည့် အချိန်ကာလထက် ပိုမိုလျင်မြန်စွာ ပြန်လည်နာလံထူလာခဲ့ပြီး တရုတ်နိုင်ငံ၏ ဝက်သားထုတ်လုပ်မှုသည် သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့သဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဝက်သားဝယ်လိုအားကျဆင်းမှုနှင့် ဈေးနှုန်းကျဆင်းမှု များဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ဈေးကွက်ဝယ်လိုအားကျဆင်းမှုမျိုးကို ၂၀၂၁ ခုနှစ် နှစ်လယ်ကာလများတွင်လည်း ဖြစ်ပွားခဲ့ဖူးကြောင်း၊ အသား ဈေးကွက်ကျဆင်းခဲ့သော်လည်း တိရိစ္ဆာန်အစာဈေးကွက်တွင် ဝယ်လိုအားများမြင့်တက်ခဲ့ကြောင်း အပတ်စဉ်ထုတ်ဝေသည့် မွေးမြူရေးသတင်းစာ စောင် hEDGEpoint Global Markets report  တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ဝက်မွေးမြူရေးလုပ်ငန်းသည် ကမ္ဘာ့ပဲပုတ်စေ့နှင့် ပြောင်းဈေးကွက်အပေါ်တွင် အကျိုးသက်ရောက်မှုကြီးမားကြောင်း၊ တရုတ်နိုင်ငံရှိ မွေးမြူရေးခြံများတွင် တောင်အာဖရိက ကြက်တုတ်ကွေးရောဂါ (African Swine Fever- PSA)များ စတင်ကူးစက်ခံခဲ့ရပြီးနောက် တရုတ်နိုင်ငံ၏ မွေးမြူရေးလုပ်ငန်းများတွင် ဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် အသားထုတ်လုပ်မှုကျဆင်းခဲ့သဖြင့် အမေရိကန်နိုင်ငံအပါအဝင် ဘရာဇီးလ်နိုင်ငံနှင့် အခြားနိုင်ငံများမှ ဝက်သား၊ အမဲသားနှင့် ကြက်သားများကို အဓိကဝယ်ယူတင်သွင်းခဲ့ရကြောင်း အသားနှင့် သီးနှံ သုတေသန ပညာရှင် Pedro Schicchi က ပြောကြားခဲ့သည်။

ကမ္ဘာ့ဈေးကွက်အတွင်းရှိ ပြောင်းနှင့် ပဲပုတ်စေ့သီးနှံများ၏ ဝယ်လိုအားအနိမ့်အမြင့်သည် အသားထုတ်လုပ်သည့်ဈေးကွက်အပေါ်တွင် မူတည်လျက်ရှိ ကြောင်း၊ လက်ရှိအခြေအနေတွင် ကမ္ဘာ့အသားဈေးကွက်မှ တရုတ်နိုင်ငံ၏ အသားဝယ်ယူတင်သွင်းမှုများ ကျဆင်းလျက်ရှိနေသဖြင့် အမေရိကန်နှင့် ဘရာဇီးလ်နိုင်ငံတို့၏ အသားထုတ်လုပ်မှုအပေါ်တွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အသားထုတ်လုပ်မှုပြန်လည် တိုးတက်လျက်ရှိသဖြင့် အသားဝယ်ယူတင်သွင်းမှုလျှော့နည်းလာသော်လည်း မွေးမြူရေးလုပ်ငန်းများအတွက် တိရိစ္ဆာန်အစာကုန်ကြမ်းဖြစ်သည့် ပဲပုတ်စေ့နှင့် ပြောင်းသီးနှံဝယ်ယူတင်သွင်းမှုတို့တွင် သိသိသာသာမြင့်တက်လာကြောင်း Schicchi က ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil