South Africa

တောင်အာဖရိကနိုင်ငံ Western Cape ပြည်နယ်က ယခုနှစ်အတွက်သစ်သီးများတိုးမြှင့်တင်ပို့နိုင် ရန်ခန့်မှန်းထားခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ Western Cape ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး Ivan Meyer က ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှစတင်၍ နှိုင်းယှဉ်လျှင် ယခုနှစ် တွင် မိုးရေအများဆုံးရရှိသဖြင့် ပြည်နယ်မှ သစ်သီးပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ မိုးရွားသွန်းမှုမှ ရေလုံလောက်စွာရရှိသဖြင့် စိုက်ပျိုးရေး ထွက်ကုန် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသည် ကိုဗစ်ရောဂါဖြစ်ပွားနေမှု၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေ ရေးကိစ္စရပ်များ အခက်အခဲရှိနေမှုများသည် အဓိကစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အခက်အခဲများ ဖြစ်နေမည်ဖြစ်ကြောင်း ပြောကြားထားသည်ကို သိရှိရပါသည်။

ကုန်သွယ်မှုအခက်အခဲများထဲတွင် ကုန်သွယ်မှုအခြေခံအဆောက်အအုံများဖြစ်သော ဆိပ်ကမ်းများ အပြည့်အဝ ဝန်ဆောင်မှုမပေးနိုင်မှု၊ အကောက်ခွန် နှင့် အကောက်ခွန်မဟုတ်သော အတားအဆီးများသည် အဓိကစိန်ခေါ်မှုများဖြစ်နေကြောင်း၊ ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် ရုရှားနိုင်ငံနှင့် ယူက ရိန်းနိုင်ငံအကြား ပဋိပက္ခသည် ဓါတ်မြေဩဇာနှင့် ဂျုံကဲ့သို့သော ကုန်စည်များအတွက် အနာဂါတ်ကာလအတွင်း ထုတ်လုပ်မှုနှင့် စိုက်ပျိုးထုတ်လုပ် နိုင်မှု မသေချာခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်ပေါ်လျှက်ရှိကြောင်း၊ အဆိုပါ အခက်အခဲများဖြစ်ပေါ်လျှက်ရှိသော်လည်း တောင် အာဖရိကနိုင်ငံ Western Cape ပြည်နယ်အတွက် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထွက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း၊ သစ်သီးထုတ်လုပ်မှုအဖွဲ့၏ ခန့်မှန်းအစီရင်ခံစာအရ ယခုနှစ် ပန်းသီး ၆ ရာခိုင်နှုန်းတိုးမြင့်တင်ပို့နိုင်ရန် မျှော်မှန်းထားသကဲ့သို့ သစ်တော်သီး ၁၂ ရာခိုင်နှုန်းအထိ ပိုမိုတင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း၊ နက်ထရင်းလိမ္မော်သီး တင်ပို့မှုအား ယခင်နှစ်ရာသီထက် ၂၆ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ အစေ့အဆံထုတ်လုပ်မှုအဖွဲ့က ဂျုံထုတ်လုပ်မှုအား ၂၀၂၀-၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၁-၂၀၂၂ ခုနှစ်ရာသီချိန်တွင် Western Cape ပြည်နယ်မှ တန်ချိန် ၄၁,၉၀၀ တန်နှင့် ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်းတိုးမြှင့်ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားကြောင်း၊ Western Cape ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍသည် ပို့ကုန်ဉီးစားပေးကဏ္ဍဖြစ်ပြီး အမျိုးသားအဆင့် စိုက်ပျိုးရေးပို့ကုန်တင်ပို့မှု စုစုပေါင်းတန်ဖိုးတွင် ၅၃ ရာခိုင်နှုန်း အထိ ပါဝင်တင်ပို့လျှက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် Western Cape ပြည်နယ်မှ စိုက်ပျိုးရေးထွက်ကုန်နှင့် ပြုပြင်ပြီး စိုက်ပျိုးရေးထွက်ကုန်စုစုပေါင်း ရန်း ၇၈.၆၈ ဘီလီယံတန်ဘိုးအထိတင်ပို့နိုင်ခဲ့ကြောင်း၊ Western Cape ပြည်နယ်သည် ပို့ကုန်ပစ္စည်း အများဆုံးတင်ပို့နိုင်သည့် ကုန်ပစ္စည်း ၁၀ မျိုး အနက် ၈ မျိုး တင်ပို့နိုင်သည့် စိုက်ပျိုးပြည်နယ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။                                               

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.engineeringnews.co.za/article/western-cape-fruit-exports-expected-to-increase-2022-04-26

Category: South Africa