South Africa

တောင်အာဖရိကနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဖရိကတိုက်ဆိုင်ရာပို့ကုန်ကုန်စည်ပြပွဲသည် အာ ဖရိကတိုက်အကြားကုန်သွယ်မှုများပိုမိုများပြားလာနိုင်မည်ဖြစ်ခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံ အစိုးရအနေဖြင့် မကြာမီကျင်းပပြုလုပ်မည့် အာဖရိကနိုင်ငံများအကြား ကုန်စည်ပြပွဲ (Intra-African Trade Fair– IATF2021) ၌ဝင်ရောက်ပြသ မည့် တောင်အာဖရိကကုမ္ပဏီများအား ပြည်တွင်းနှင့် ပြည်ပမှ ကုန်သွယ်မှုမိတ်ဖက်များ ပိုမိုရရှိနိုင်စေရန် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ဒုတိယအကြိမ် ကုန်စည်ပြပွဲအား Durban မြို့၌ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ အစိုးရသည် အဆိုပါကုန်စည်ပြပွဲ၌ တောင်အာဖရိကနိုင်ငံကုမ္ပဏီ ၈၀ အား ၎င်းတို့၏ ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ခင်းကျင်းပြသနိုင် ရန်အတွက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ တောင်အာဖရိကကုန်သွယ်ရေး၊ စက်မှုနှင့် ယှဉ်ပြိုင်မှုဝန်ကြီးဌာနအနေဖြင့် ပို့ကုန်ဈေးကွက်ရရှိရေး ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့အစီအစဉ် (Export Marketing Investment Assistance-EMIA) မှတစ်ဆင့် တောင်အာဖရိကနိုင်ငံ ကုန်စည်များနှင့် ဝန်ဆောင်မှုများပို့ကုန်ဈေးကွက် များ ပိုမိုရရှိရန် ထောက်ပံ့ပေးရန်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ အဆိုပါကုန်စည်ပြပွဲအား တောင်အာဖရိကနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ ပိုမိုဝင် ရောက်လာစေရန်အတွက်လည်း ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

Akani Paints ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က ၎င်းတို့ကုမ္ပဏီအနေဖြင့် တောင်ပိုင်းအာဖရိကဖွံ့ဖြိုးတိုးတက်မှု အဝန်းအဝိုင်းအဖွဲ့ဝင်နိုင်ငံများသို့ ဈေးကွက်စတင် တိုးချဲ့ဆောင်ရွက်ခြင်းမှတစ်ဆင့် အာဖရိကတိုက်တစ်ခုလုံးသို့ ဈေးကွက်ထိုးဖောက်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ၎င်းတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲ အား ပထမဆုံးအကြိမ် ပါဝင်ပြသမှာဖြစ်ကြောင်း၊ ပြပွဲ၌ မိမိတို့ကုန်စည်များအတွက် ဖြန့်ဖြူးပေးမည့်သူများကို အဓိကထားရှာဖွေသွားမည်ဖြစ်ကြောင်း၊ ပို့ကုန်အဖြစ် အိမ်နီးချင်းနိုင်ငံများသို့ ဉီးစွာပထမတင်ပို့နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့ကုမ္ပဏီသည်လက်ရှိတွင် ကုန်သွယ်ရေး၊စက်မှုနှင့် ယှဉ်ပြိုင်မှုဝန်ကြီးဌာနမှ စက်မှု ဇုန်များ ပြန်လည်တိုးတက်သစ်ဆန်းလာစေရေးအစီအစဉ်ဖြင့် ရန်း ၃၀ သန်းအကုန်ကျခံ ပြန်လည်ပြင်ဆင်ပေးခဲ့သည့် Nkowankowa Industrial Park တွင် ၂၀၁၆ ခုနှစ်ကတည်းက စက်ရုံတည်ထောင်ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားထားပါသည်။

ကုန်သွယ်ရေး၊ စက်မှုနှင့် ယှဉ်ပြိုင်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Nomalungelo Gina က အစိုးရအနေဖြင့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများ (SMEs) အား လာမည့် အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲ IATF2021 တွင် ပြသနိုင်ရန် ငွေကြေးထောက်ပံ့ပေးထားကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံ၏စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ ပို့ကုန်တိုးမြှင့်ရန်၊  အလုပ်အကိုင်ဖန်တီးပေးနိုင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ပေးခြင်းဖြင့် ကုမ္ပဏီများအနေဖြင့် အခြားနိုင်ငံများသို့ ဈေးကွက်ရရှိစေရန်ဆောင်ရွက်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ပိုမိုထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ယခု ကုန်စည်ပြပွဲအား အာဖရိကတိုက်ဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (African Continental Free Trade Area- AfCFTA) နှင့်အညီ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.cajnewsafrica.com/2021/11/08/south-africa-expo-backs-intra-continental-trade/

Category: South Africa