Brazil

ထောင်လိုက်နည်းစနစ်ကိုအသုံးပြုသည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်နိုင်

Last Updated:

ထောင်လိုက်နည်းစနစ်ကိုအသုံးပြုသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၁ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး    အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ ရှိနေရာမှ ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၇ ဘီလီယံတန်ဖိုးအထိ တိုးတက်လာနိုင်ကြောင်း စီးပွားရေးအကြံပေးကုမ္ပဏီဖြစ်သည့် MarketandMarkets ၏ သုတေသနတွေ့ရှိချက်များအား ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။ ၂၀၂၀ ပြည့်နှစ်တွင်ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမြင့်မားခဲ့ခြင်းကြောင့် စတင်လုပ်ကိုင်မည့်လုပ်ငန်းများနှင့် သယ်ယူပို့ဆောင်မှုလုပ်ငန်းများတွင် လုပ်ငန်း ဆောင်ရွက်မှုများကျဆင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ် ကုန်ဆုံးချိန်တွင် လုပ်ငန်းများ ပြန်လည်ဦးမော့ လာခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ စားသောက်နိုင်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများတိုးတက်လာသည်နှင့်အမျှ ထောင်လိုက်နည်းစနစ်များဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ထားသောအစားအသောက်များကို ဈေးကွက်များမှရွေးခြယ်ဝယ်ယူမှုများ သိသိသာသာ တိုးမြင့်လာခဲ့ကြောင်း သုတေသနတွေ့ရှိချက်များတွင် ဖော်ပြထားသည်။

ထောင်လိုက် စိုက်ပျိုးမွေးမြူရေးနည်းစနစ်များဖြစ်သည့် ကြားခံပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ ရေပေါ်တွင်စိုက်ပျိုးခြင်း(Hydroponics)နှင့် စင်ပေါ်တင်၍စိုက်ပျိုးခြင်း(Aeroponics) နည်းစနစ်တို့ဖြင့် စိုက်ပျိုးမွေးမြူရာတွင် ကွန်တိန်နာများနှင့်အဆောက်အဦများကို အသုံးပြုလာကြကြောင်း ဖော်ပြထားသည်။ လတ်တလောကာလတွင် တွင်ကျယ်စွာအသုံးပြုမှုမရှိသေးသော်လည်း ထောင်လိုက်နည်းစနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများကိုစတင်လုပ်ကိုင်လာကြကြောင်း၊ ကမ္ဘာ့အမြင့်ဆုံးထောင်လိုက်မွေးမြူရေးလုပ်ငန်းကို တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်တွင်၂၀၂၁ခုနှစ်၊ စက်တင်ဘာလကစတင်ဖွင့်လှစ်ခဲ့ပြီး ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါ မွေးမြူရေးအဆောက်အဦသည် ၂၆ ထပ်မြင့်မားကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br
 

Category: Brazil