Belgium

နယ်သာလန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းပေါင်း ၂ သန်းကျော်သို့ရောက်ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့ခြင်း

Last Updated:

           နယ်သာလန်နိုင်ငံ၊ ကုန်သည်ကြီးများအသင်း၏ စာရင်းဇယားများအရ နယ်သာလန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းအရေအတွက် (၂) သန်းကျော်သို့ ရောက်ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်အတွင်းက နယ်သာလန်နိုင်ငံ၏ ကုမ္ပဏီလုပ်ငန်း အရေအတွက် (၁) သိန်းနီးပါး တိုးတက်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် (၅) ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း နယ်သာလန်တိုင်းစ် သတင်းဌာန၏ ၇.၁.၂၀၂၀ နေ့တွင် ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်း အရေအတွက် (၂၃၀၀၀၀) အသစ်ဖွင့်လှစ်လုပ်ကိုင်ခဲ့ပြီး၊ လုပ်ငန်းပေါင်း (၁၃၁၀၀၀) မှာ ပိတ်သိမ်းခဲ့သဖြင့် စီးပွားရေးလုပ်ငန်း အရေအတွက် (၁) သိန်းနီးပါး တိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းအသစ်များကို ဆွဲဆောင်နိုင်သည့် ကဏ္ဍများမှာ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ လက်လီရောင်းချခြင်း၊ ဧည့်ဝန်ဆောင်မှုလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍများ ဖြစ်ကြောင်းသိရှိရပါသည်။

          နယ်သာလန်နိုင်ငံဖွားမဟုတ်သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များပါဝင်မှုအချိုးအစားမှာ ၁ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း နယ်သာလန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်ခဲ့သည့် လုပ်ငန်းရှင်များ၏ သုံးပုံတစ်ပုံနီးပါးသည် နယ်သာလန်နိုင်ငံတွင် မွေးဖွားသူများမဟုတ်ကြကြောင်း၊ အဆိုပါလုပ်ငန်းရှင်များသည် အများအားဖြင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရပါ သည်။

    နယ်သာလန်နိုင်ငံတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ပျမ်းမျှအသက်အရွယ်မှာ (၄၆) နှစ်ဝန်းကျင်ဖြစ်ကြပြီး ယင်းအခြေအနေမှာ နှစ်အတန်ကြာ တည်ငြိမ်မှုရှိနေကြောင်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖြစ် စတင်လုပ်ကိုင်သည့် အသက် အရွယ်တွင်မူ ၂၀၁၈ ခုနှစ်တွင် (၃၆) နှစ်အရွယ်မှ ၂၀၁၉ ခုနှစ်တွင် (၃၅) နှစ်အရွယ်သို့ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ လုပ်ငန်းရှင်များ၏ သုံးပုံနှစ်ပုံခန့်မှာ အမျိုးသားများဖြစ်ကြပြီး၊ အဆိုပါအချိုးအစားမှာ မကြာသေးမီနှစ်များအတွင်း အပြောင်း အလဲမရှိခဲ့ကြောင်း၊ စွန့်ဦးတီထွင် လုပ်ငန်းများစတင်လုပ်ကိုင်သူများအနက် အမျိုးသမီးပါဝင်မှု အချိုးမှာ ၂၀၁၈ ခုနှစ်တွင် (၃၈) ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် (၃၇) ရာခိုင်နှုန်းသို့ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်သည့် ဆယ်ကျော်သက်အရွယ်များ၏ (၈၀) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြကြောင်း အဆိုပါသတင်းက ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: Belgium