Belgium

နယ်သာလန်နိုင်ငံ၏ အလုပ်လက်မဲ့ဖြစ်မှု ဘဏ္ဍာရေးအကျပ်အတည်းကာလထက် မြင့်တက်လျက်ရှိ

Last Updated:

နယ်သာလန်နိုင်ငံ စာရင်းအင်းဌာန (Statistics Netherlands) အရ နယ်သာလန်နိုင်ငံ၏ အလုပ်အကိုင်ရှိသူအရေအတွက်မှာ ပြီးခဲ့သည့် ဧပြီလတွင် ၁၆၀၀၀၀ ခန့် ကျဆင်းခဲ့ကြောင်း၊ အလုပ်လက်မဲ့ဖြစ်မှုအရေအတွက်မှာလည်း မတ်လတွင် (၂.၉) ရာခိုင်နှုန်းမှ ဧပြီလတွင် (၃.၄) ရာခိုင်နှုန်းသို့ တိုးလာခဲ့ပြီး၊ အလုပ်အကိုင်နှင့်ပတ်သက်၍ ထိခိုက်မှုအများဆုံးမှာ လူငယ်များဖြစ်ကြကြောင်း၊ အလုပ်ရှိသူဦးရေ ကျဆင်းမှုနှင့် အလုပ်လက်မဲ့ဦးရေတိုးလာမှု နှစ်ခုစလုံးမှာ ၂၀၀၃ ခုနှစ်အထိ မှတ်တမ်းများအရ လအလိုက်စာရင်းဇယားများတွင် အများဆုံးဖြစ်ကြောင်း၊ ယင်းအချက်မှာ ၂၀၀၈ ခုနှစ်၊ ဘဏ္ဍာရေးအကျပ်အတည်းကာလထက် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလတွင် အလုပ်လက်မဲ့ဖြစ်မှုနှုန်းသည် ပို၍လျင်မြန်စွာ တိုးလာသည်ကို ပြသနေကြောင်း  သိရှိရပါသည်။

ပြီးခဲ့သည့်လအတွင်း နယ်သာလန်နိုင်ငံ၌ လူဦးရေ (၃၁၄၀၀၀) သည် အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး၊ မတ်လထက် (၄၁၀၀၀) ပိုမိုများပြားခဲ့ကြောင်း၊ တိုးလာသည့်အလုပ်လက်မဲ့အရေအတွက်မှ (၂၅၀၀၀) သည်လူငယ်များဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံ၊ အလုပ်သမားအာမခံအေဂျင်စီ (UWV) အရ ဧပြီလတွင် အလုပ်လက်မဲ့အကျိုးခံစားခွင့်ရှိသူ အရေအတွက်မှာ (၂၉၂၀၀၀) ဦး​ရှိခဲ့ပြီး (၄၂၀၀၀)ဦး တိုးလာခဲ့ ကြောင်း၊ အဆိုပါအရေအတွက်မှာ ၂၀၁၉ ခုနှစ်၊ မတ်လနှင့်ဧပြီလတို့နှင့် နှိုင်းယှဉ်ပါက (၁၆.၇) ရာခိုင်နှုန်းနှင့် (၁၃.၅) ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဧပြီလတွင် အဆိုပါအေဂျင်စီ အနေဖြင့်အလုပ်လက်မဲ့အကျိုးခံစားခွင့်အသစ် (၇၄၀၀၀) ကို ထုတ်ပေးခဲ့ပြီး၊ မတ်လတွင် ၎င်းအရေအတွက်မှာ (၃၈၀၀၀)ရှိခဲ့ကြောင်း သိရှိရပါသည်။

အလုပ်လက်မဲ့အကျိုးခံစားခွင့်ရယူသူ အရေအတွက်မှာ ကဏ္ဍအားလုံးတွင် တိုးလာခဲ့ခြင်းဖြစ်ပြီး၊ အများစုမှာ သန့်ရှင်းရေး၊ ယာယီအလုပ်အကိုင်အေဂျင်စီများ၊ လက်လီလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာနှင့်အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့ဖြစ်ကြကြောင်း၊ အသက်အရွယ်အုပ်စုများ အားလုံး၌လည်း ယင်းအကျိုးခံစားခွင့်အရေအတွက်မှာ တိုးတက်လာနေပြီး၊ အများစုမှာ အသက် (၁၅)နှစ် မှ (၂၅)နှစ်အကြား လူငယ်များဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များအရ  လူငယ်အများအပြားသည် စီးပွားရေးထိခိုက်မှုရှိလာချိန်တွင် လုပ်ငန်းများက လုပ်သားလျှော့ချလေ့ရှိကြသည့် ယာယီအလုပ် အကိုင်များ၌သာ လုပ်ကိုင်နေကြခြင်းဖြစ်သည်ကို တွေ့ရကြောင်း သိရှိရပါသည်။

 

 

ရင်းမြစ် - (နယ်သာလန်တိုင်းမ်)

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

Category: Belgium