Belgium

ဘယ်လ်ဂျီယံနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ်ရန်ပုံငွေ ယူရို ၇.၈ ဘီလီယံ ဥရောပကော်မရှင်အဆိုပြု

Last Updated:

အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအပေါ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ကုစားရန်ကြိုးပမ်းမှုများအား ကူညီပေးရန်အတွက် ဥရောပကော်မရှင်က အဆိုပြုထားသည့် ယူရို ၈၁.၄ ဘီလီယံ အထောက်အကူပြု အစီအစဉ်မှ ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ယူရို ၇.၈ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း သိရသည်။  အဖွဲ့ဝင်နိုင်ငံများ၏ အလုပ်လက်မဲ့အခြေအနေနှင့် စီးပွားရေးလုပ်ငန်း အထောက်အကူ အစီအစဉ်များကို အားပေးမြှင့်တင်ရန်အတွက် ချေးငွေအစီအစဉ် တစ်ရပ်ဖြစ်သည့် SURE instrument မှ အဖွဲ့ဝင်နိုင်ငံများအတွက် ရန်ပုံငွေရရှိရေး အဆိုပြုထားကြောင်း ဥရောပကော်မရှင်ကပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံကရရှိမည့် ယူရို ၇.၈ ဘီလီယံသည် လက်ရှိ အချိန်ထိ ရန်ပုံငွေလျှောက်ထားသည့် နိုင်ငံပေါင်း (၁၅) နိုင်ငံအနက် စတုတ္ထ အများဆုံးဖြစ်သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ပထမဦးဆုံး အသွားအလာကန့်သတ်မှု (lockdown) ပြုလုပ် ခဲ့ရသည့် အီတလီနိုင်ငံသည် ယူရို ၂၇.၄ ဘီလီယံ၊ စပိန်နှင့်ပိုလန်နိုင်ငံတို့သည် ယူရို ၂၁.၃ ဘီလီယံနှင့် ၁၁.၂ ဘီလီယံတို့ဖြင့် ချေးငွေ များအား အသီးသီးလက်ခံရရှိကြမည်ဖြစ်သည်။ ဥရောပကော်မရှင်က အဆိုပြုထားသည့်ချေးငွေပမာဏများကို အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များပါဝင်သည့် ဥရောပသမဂ္ဂကောင်စီ၏ အတည်ပြုချက်ရရှိရန် လိုအပ်နေ ဆဲဖြစ်သည်။

အတည်ပြုချက်ရရှိပါက အီးယူအဖွဲ့ဝင်နိုင်ငံများသည် သက်သာခွင့်များဖြင့်ပေးအပ်သည့် ချေးငွေပုံစံဖြင့် ရန်ပုံငွေများကိုလက်ခံရရှိမည်ဖြစ်ကြောင်း ဥရောပကော်မရှင်ကပြောကြားခဲ့သည်။ SURE ချေးငွေသည် ကပ်ရောဂါ၏ စီးပွားရေးဆိုင်ရာထိုးနှက်မှုမှ အလုပ်သမားများကို အကာအကွယ်ပေးရေး အထောက်အကူပြုအစီအစဉ်များပြုလုပ်ရန်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ဘတ်ဂျတ်ကို ပံ့ပိုးကူညီပေးရန် အီးယူ၏ အဓိကအထောက်အပံ့ အစီအမံများ နှင့် Safety nets များ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ဇူလိုင်လအတွင်းက အီးယူခေါင်းဆောင်များအကြား သမိုင်းဝင် မာရသွန်ဆွေးနွေးညှိနှိုင်းမှုများပြီးနောက် ယူရို ၇၅၀ ဘီလီယံတန်ဖိုးရှိသည့် ကိုရိုနာဗိုင်းရပ်စ် ပြန်လည် ထူထောင်ရေးအစီအမံကို အတည်ပြုခဲ့ပြီး၊ ယင်းအနက် ယူရို ၃၉၀ ဘီလီယံအား  အထောက်အပံ့အဖြစ်လည်းကောင်း၊ ကျန်ရှိသည့်ပမာဏကို ချေးငွေအဖြစ်လည်းကောင်း အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium