Belgium

ဘယ်လ်ဂျီယံနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်အစီအမံများ ပြန်လည်တင်းကျပ်ဖွယ်ရှိ

Last Updated:

အမျိုးသားလုံခြုံရေးကောင်စီ၏ အစည်းအဝေးအပြီးတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ COVID-19 ဆိုင်ရာ ကန့်သတ်ချက်အစီအမံများအား  ပြန်လည်တင်းကျပ်သွားဖွယ်ရှိနေကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၊ ကျန်းမာရေးဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး  Maggie De Block ကပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက်အစီအမံများအား အဆင့်အလိုက် ပြန်လည်ဖြေလျှော့ပေးလျက်ရှိရာ လာမည့် သြဂုတ်လ ၁ ရက်နေ့ တွင် ဖြေလျှော့ရန် စီစဉ်ထားသည့် အစီအမံများအား ဖြေလျှော့ပေးမည် မဟုတ်ကြောင်း၊ ယင်းသို့ဖြေလျှော့မည့်အစား နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့် ကန့်သတ်ချက်အစီအမံများကို တင်းကျပ်သွားနိုင်ရေး ဆွေးနွေး​လျက် ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကောင်စီမှ ကြေညာခြင်းမရှိသေးမီတွင် ယင်းမှာ တရားဝင်ဆုံးဖြတ်ချက်မဟုတ်သေးကြောင်း သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိကာလအတွင်း ဘယ်လ်ဂျီယံနိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကူးစက်မှု ပျမ်းမျှနှုန်းထားမှာ တစ်ရက်လျှင် ၁၈၄ ဦးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး၊ ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း ပျမ်းမျှနှုန်းထား ဖြစ်သည့် တစ်ရက်လျှင် ၉၇.၆ ဦးနှင့်နှိုင်းယှဉ်ပါက (၈၉) ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ တင်းကျပ်မည့် အစီအမံများတွင် နှာခေါင်းစည်းများအား မဖြစ်မနေတပ်ဆင်ရမည့် အများပြည်သူဆိုင်ရာနေရာများစာရင်းကို ထပ်တိုးနိုင်ကြောင်း၊ ဒေသဆိုင်ရာ အဆင့်တွင် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ကန့်သတ်ချက်များကို သက်ဆိုင်ရာမြို့တော်ဝန်များက ဆောင်ရွက်ရမည်ဖြစ်ကြောင်း Maggie De Block က ပြောကြားခဲ့သည်။

ညမထွက်ရအမိန့်များထုတ်ပြန်ခြင်း၊ လူစုလူဝေးပြုလုပ်မှုကို တားမြစ်ခြင်း၊ ဈေးဆိုင်များနှင့် အားကစားရုံများကို ပိတ်ထားစေခြင်း၊ ပြင်ပဈေးများ ဖွင့်လှစ်မှုကို ရုတ်သိမ်းစေခြင်းစသည်တို့ အပါအဝင် ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအစီအမံများချမှတ်ခွင့်ကို မြို့တော်ဝန်များအားခွင့်ပြုသွား မည်ဖြစ်ကြောင်း၊ နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရမည့် နေရာများသတ်မှတ်ခြင်းကိုလည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဒေသအလိုက်အသွားအလာကန့်သတ်မှုများ (local lockdowns) ပြုလုပ်ရန် ဖြစ်နိုင်ဖွယ်ရှိ သော်လည်း နောက်ဆုံးအဆင့်အနေဖြင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ဘားများအတွက် ထပ်တိုးကန့်သတ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်သွားဖွယ်မရှိသော်လည်း ပုံမှန်ပိတ်ချိန် ထက်စော၍ပိတ်ရနိုင်ကြောင်း သိရသည်။

 

(စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -   (ဘရပ်ဆဲလ်တိုင်းမ်)

 

 

Category: Belgium