Belgium

ဘယ်လ်ဂျီယံနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ခြင်း

Last Updated:

စွမ်းအင်/လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုကြောင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် (၄.၁၆) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလနှင့်နှိုင်းယှဉ်လျှင် ငွေကြေးဖောင်းပွမှုနှုန်း မှာ  (၂.၈၆) ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတမှုကြောင့် ဓါတ်ငွေ့နှင့်စွမ်းအင်ဈေးနှုန်းများ သမိုင်းဝင် မြင့်တက်မှုဖြစ်ပေါ်နေခြင်းသည် ငွေကြေးဖောင်းပွမှုနှုန်း တက်လာရခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်သည်ဟု ဘယ်လ်ဂျီယံနိုင်ငံ Federal Public Service Economy ကဆိုသည်။ လက်ရှိတွင် စွမ်းအင်ကဏ္ဍ၌ ငွေကြေးဖောင်းပွမှု (၃၀.၈၆) ရာခိုင်နှုန်းအထိရှိပြီး၊ ယင်းသည် အလုံးစုံငွေကြေး ဖောင်းပွမှု၏ (၂.၆၂) ရာခိုင်နှုန်းကို ဖြစ်ပေါ်စေကြောင်း သိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံ၌ လျှပ်စစ်ဓါတ်အားဈေးနှုန်းများသည်လည်း ယခင်နှစ်ကာလတူထက် (၄) ဆမြင့်တက်လာခဲ့ပြီး၊  သဘာဝဓါတ်ငွေ့ဈေးနှုန်းမှာ (၇၇.၅) ရာခိုင်နှုန်းအထိ တက်လာကြောင်း၊ ဒီဇယ်ဈေးနှုန်းမှာ ယခင်နှစ်ကထက် (၂၈) ရာခိုင်နှုန်း၊ ဓါတ်ဆီဈေးနှုန်းမှာ (၂၃.၃) ရာခိုင်နှုန်း အသီးသီးမြင့်တက်လာခဲ့ကြောင်း၊ အောက်တိုဘာလတွင် စားသုံးသူဈေးနှုန်းညွှန်းကိန်း (Consumer Price Index) မှာ (၁.၆၅ ပွိုင့်) သိုမဟုတ် (၁.၄၇) ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။

ထို့အပြင် အောက်တိုဘာလအတွင်း ဘယ်လ်ဂျီယံ၌ ဟိုတယ်အခန်းခဈေးနှုန်းများ စံချိန်တင် မြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး (၁၄.၆) ရာခိုင်နှုန်း တက်လာကြောင်း၊ အသားဈေးနှုန်းမြင့်တက်မှု (၁.၆) ရာခိုင်နှုန်း၊ စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်များ၏ ဈေးနှုန်းမြင့်တက်မှု (၀.၇) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ တစ်ဖက်တွင် အယ်လ်ကိုဟောထုတ်ကုန်များ ဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း၊ အစားအစာနှင့် အယ်လ်ကိုဟောမပါဝင်သော သောက်သုံးဖွယ်ပစ္စည်းများ၏ ငွေကြေးဖောင်းပွမှုသည် (၉) လ ဆက်တိုက်ကျဆင်းခဲ့ပြီး၊ လက်ရှိ (-၀.၃၁) ရာခိုင်နှုန်း၌ ရပ်တည်နေကြောင်း သိရပါသည်။

လက်ရှိကုန်ဈေးနှုန်းများမြင့်တက်မှုသည် မျှော်မှန်းထားသည်ထက် ပို၍မြန်ဆန်စွာ ဖြစ်ပေါ်ခဲ့ပြီး၊ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်း၏ အကျိုးဆက်ကြောင့်အဓိကဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန်လိုအပ်မှုနှင့် ဝယ်လိုအားကျဆင်းမှုတို့ကြောင့် ကမ္ဘာ့နိုင်ငံအများအပြား၌ စက်ရုံများပိတ်ထားခဲ့ရကြောင်း၊ သို့ရာတွင် ယခုအချိန်၌ စီးပွားရေးပြန်လည်နာလန်ထူလာပြီး၊ ကမ္ဘာ့ထုတ်လုပ်မှုသည် မြန်ဆန်စွာတိုးတက်လာနေသည့် ဝယ်လိုအားကို ပြည့်မီမှုမရှိခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -https://www.brusselstimes.com/belgium/191110/belgian-inflation-skyrocketed-to-highest-level-since-2008/

Category: Belgium