Belgium

ယူရို ၁.၈၂ ထရီလီယံတန်ဖိုးရှိ ဘတ်ဂျတ်နှင့် စီးပွားရေးပြန်လည်ဆယ်တင်ရေးအစီအမံတို့ကို အီးယူ ခေါင်းဆောင်များ သဘောတူညီမှုရရှိ

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများအား ပြန်လည်တုန့်ပြန်ရေး ယူရို (၇၅၀) ဘီလီယံတန်ဖိုးရှိသည့် ချေးငွေအစီအစဉ်ကို အီးယူခေါင်းဆောင်များအကြား သဘောတူညီခဲ့ ကြောင်း သိရသည်။ အီးယူ၏ စီးပွားရေးဆယ်တင်ရေးရန်ပုံငွေတွင် Grants ယူရို (၃၉၀) ဘီလီယံ Loans ယူရို (၃၆၀) ဘီလီယံတို့နှင့်အတူ အီးယူ၏ (၇)နှစ်စာ ဘတ်ဂျတ် (Multiannual Financial Framework-MFF) အတွက် ယူရို (၁.၀၇၄) ထရီလီယံတို့ ပါဝင်ပြီး၊ ဘဏ္ဍာရေးအစီအစဉ်၏ စုစုပေါင်းတန်ဖိုး ယူရို (၁.၈၂) ထရီလီယံကို အီးယူအဖွဲ့ဝင်နိုင်ငံအစိုးရခေါင်းဆောင်များမှ တညီတညွတ်တည်း သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အီးယူသမိုင်းတွင် အရှည်ကြာဆုံးဆွေးနွေးမှုအဖြစ် (၅) ရက်နီးပါးဆွေးနွေးခဲ့ပြီးနောက် ယခု သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲသည်ပြီးခဲ့သည့် မတ်လ၌ အသွားအလာကန့်သတ်မှု အစီအမံများ ချမှတ်ပြီးနောက်ပိုင်း အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များအကြား လူကိုယ်တိုင်စုဝေး၍ ပြုလုပ်သည့်ပထမဆုံးဆွေးနွေးမှုဖြစ်ပြီး၊ ကျန်းမာရေးဆိုင်ရာကြိုတင်ကာကွယ်ရေးအစီအမံများ၊ social distancing စည်းမျဉ်း များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အီးယူ ၏ဘတ်ဂျတ်ထည့်ဝင်မှုအပိုင်းတွင် အဓိကကျသည့် ဗြိတိန်နိုင်ငံ၏ခွဲထွက်မှု (Brexit) ကြောင့် Multiannual Financial Framework-MFF ကိုဆွေးနွေးရာတွင် ခက်ခဲမှုရှိခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ပြန့်ပွားနေဆဲဖြစ်ပြီး၊ အီးယူနိုင်ငံအချို့တွင်လည်း ရောဂါပိုးတွေ့ရှိမှုများ ပြန်လည် မြင့်တက်နေသဖြင့် အီးယူ၏ ဘတ်ဂျတ်ဆွေးနွေးမှုတွင် သဘောတူညီမှု မရရှိခဲ့လျှင် စတော့ဈေးကွက်များကျဆင်းခြင်းမှတစ်ဆင့် စီးပွားရေး အကျပ်အတည်းအား ပိုမိုဆိုးရွားစေမည်ကို အီးယူခေါင်းဆောင်အချို့က စိုးရိမ်မှုရှိခဲ့ကြသည်။ အလုပ်အကိုင်ဆုံးရှုံးမှုများကို ကာကွယ်ပေးထားသည့် အစိုးရ အစီအမံများသည် မကြာမီကာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ထပ်မံကြုံတွေ့ရမည်ဟု ကျွမ်းကျင်သူ များကပြောကြားထားသည်။ ယခုနှစ်အတွင်း အီးယူ၏စီးပွားရေးသည် ၈.၃ ရာခိုင်နှုန်း ကျဆင်းမည်ဟု ဥရောပကော်မရှင်က ဇူလိုင်လ အစောပိုင်း တွင် ခန့်မှန်းထားသည်။

 

(စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -   (Politico)

Category: Belgium