Belgium

ယူရိုဇုန်၏ စက်မှုကဏ္ဍထုတ်လုပ်မှု ပြန်လည်တိုးတက်ခဲ့သော်လည်း မျှော်မှန်းထားသည်ထက်လျော့နည်း

Last Updated:

ယူရိုဇုန်၏ စက်မှုကဏ္ဍထုတ်လုပ်မှုသည် ၂၀၂၀၊ ဇွန်လတွင် တိုးတက်မှုရှိခဲ့သော်လည်း ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စံချိန်တင်ကျဆင်းခဲ့သည့်အခြေအနေမှ ပြန်လည်နိုးထနိုင်မှုမှာ မျှော်မှန်း ထားသည်ထက် နည်းပါးကြောင်းသိရသည်။ ယူရိုဇုန်၏ စက်မှုကုန်ထုတ်လုပ်မှုတိုးတက်ခဲ့ခြင်းမှာ မော်တော်ကားများနှင့် ရေခဲသေတ္တာများကဲ့သို့သော တာရှည်ခံ ကုန်စည်များထုတ်လုပ်မှုတွင် တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ ယင်းမှာ ဥရောပ၌ COVID-19 ဆိုင်ရာ ကန့်သတ်ချက်များအားဖြေလျှော့ခဲ့သဖြင့် စားသုံးသူယုံကြည်မှုအပိုင်းတွင် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်နိုင်ကြောင်း၊ သို့ရာတွင် လအလိုက်နှိုင်းယှဉ်ချက်အရ စက်မှုကဏ္ဍထုတ်လုပ်မှု၏တိုးတက်မှုမှာ စီးပွားရေးပညာရှင်များမျှော်မှန်းထားသည်ထက် နိမ့်ကျနေသေးပြီး၊ ကပ်ရောဂါအကျပ်အတည်းကာလမတိုင်မီ အဆင့်ထက်များစွာနည်းပါးကြောင်းလည်း သိရသည်။

ယူရိုဇုန်နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုမှာ ဇွန်လတွင် ၉.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ မေလတွင်တိုးတက်ခဲ့မှုမှာ ၁၂.၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း အီးယူ၏စာရင်းအင်းအဖွဲ့ Eurostat က ဆိုသည်။ ဇွန်လတွင် ယူရိုဇုန်၏ ကုန်ထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်း တိုးတက်နိုင်မည်ဟု စီးပွားရေးပညာရှင်များကခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။ ယူရိုဇုန်၏ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ပြန်လည်နာလန်ထူလာသည့် အခြေအနေမှအလှမ်းကွာနေဆဲဖြစ်ကြောင်း၊ နှစ်အလိုက် နှိုင်းယှဉ် ချက်တွင်မူ ဧပြီလနှင့်မေလတို့ထက် လျော့နည်း၍ကျဆင်းခဲ့သဖြင့် တဖြည်းဖြည်းချင်းပြန်လည်နိုးထလာသည့်အခြေအနေဖြစ်ကြောင်း၊ လအလိုက်နှိုင်းယှဉ်မှုအရ တာရှည်ခံကုန်စည်များထုတ်လုပ်မှုသည် ၂၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကုန်စည်များထုတ်လုပ်မှုတွင်လည်း ၁၄.၂ ရာခိုင်နှုန်းဖြင့် သိသာစွာတိုးတက်ခဲ့ကြောင်း၊ စွမ်းအင်ထုတ်လုပ်မှုတွင် ၂.၆ ရာခိုင်နှုန်းသာတိုးတက်ခဲ့ပြီး၊ အဝတ်အထည်နှင့် စည်သွပ်အစားအစာ ကဲ့သို့သော စားသုံးကုန်စည်များထုတ်လုပ်မှုသည် ၄.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ်  -  (Reuters၊ Eurostat)

Category: Belgium