Belgium

ယူရိုဇုန်၏စီးပွားရေး (၁၂) ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းထက် (၂) ဆ ရှိနိုင်သည်ဟု ဥရောပဗဟိုဘဏ်အကြီးအကဲ ပြောကြားခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းနှင့် လုပ်ငန်းများ ရုတ်တရက် ရပ်နားခဲ့ရခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ယူရိုဇုန်၏ စီးပွားရေးမှာ (၁၂) ရာခိုင်နှုန်းဖြင့် ကျဆင်းရန် အလားအလာ အလွန်များနေသည်ဟု ဥရောပဗဟိုဘဏ်၏ အကြီးအကဲဖြစ်သူ Christine Lagarde က သတိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။ Euro Area ၏ စီးပွားရေးမှာ ဘဏ္ဍာရေးအကျပ်အတည်းကာလကထက်  ပိုမိုကျဆင်းနိုင်မည့် အခြေအနေရှိနေကြောင်း၊ ၂၀၀၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကာလပြီးနောက် ယူရိုဇုန်၏ စီးပွားရေး မှာ (၄) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအတွင်းသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ ယခုအကျပ်အတည်းကြောင့် စီးပွားရေးကျဆင်းနိုင်မှုမှာ ယင်းထက် (၂) ဆဖြစ်နိုင်သည်ဟု ပြောဆိုနေကြခြင်းဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယူရိုဇုန်၏ စီးပွာရေးကျုံ့မှုသည် (၅) ရာခိုင်နှုန်းမှ (၁၂) ရာခိုင်နှုန်းအတွင်း ရှိနိုင်မည်ဟု ဥရောပဗဟိုဘဏ်က မျှော်မှန်းထားမှုနှင့်အတူ ဥရောပကော်မရှင်က ပြီးခဲ့သည့်မေလ အစောပိုင်းတွင်ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်တွင် ယူရိုဇုန်၏ စီးပွားရေးကို (၈) ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ယခုနှစ်အတွက် mild scenario အဖြစ် ယူရိုဇုန်၏ စီးပွားရေး (၅) ရာခိုင်နှုန်းခန့် ကျဆင်းနိုင်မည် ဟူသော ခန့်မှန်းချက်ထားရှိခဲ့ခြင်းဖြစ်ပြီး၊ အမှန်တကယ်ရလာဒ်မှာ အပျော့စား ထိခိုက်မှုဖြစ်တန်စွမ်း(mild scenario) နှင့် အပြင်းစားထိခိုက်မှု ဖြစ်တန်စွမ်း (severe scenario) တို့အကြားတွင်ရှိ မည်ဖြစ်ပြီး၊ စီးပွားရေးကျဆင်းမှုအခြေအနေသည် ကန့်သတ်ပိတ်ဆို့မှုအစီအမံများအား လျင်လျင်မြန်မြန်ဖြေလျှော့နိုင်မှုနှင့် စီးပွားရေးလုပ်ငန်းရပ်များ ပြန်လည်စတင် လုပ်ကိုင်နိုင်မှုတို့ အပေါ်တွင် မူတည် မည်ဖြစ်ကြောင်း ၎င်းကပြောကြားထားပါသည်။

ယူရိုငွေကြေးအသုံးပြုသည့် single currency zone ၏ စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းနှင့် ပတ်သက်၍ Lagarde အနေဖြင့် အကောင်းမြင်ထားပြီး၊ အချို့နိုင်ငံများသည် ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများဖြေရှင်းနိုင်ရေး ကြွေးမြီများပြားလာခြင်းများ ရှိသော်လည်း ၎င်းနိုင်ငံများ ၏ကြွေးမြီများမှာ အတိုးနှုန်းနိမ့်သည့်ကြွေးမြီများသာဖြစ်သဖြင့် sustainable ဖြစ်ကြောင်း၊ အချို့နိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကျပ်အတည်းမှ ပိုမိုအားကောင်းစွာဖြင့် ပြန်လည်နိုးထလာနိုင်မည်ဖြစ်ကြောင်း၊ ရလာဒ်မှာ ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်ရေးရန်ပုံငွေအတွက်ရရှိနိုင်မည့်  “fiscal space” နှင့် ၎င်းနိုင်ငံများ၏ ထိခိုက်မှုအရှိဆုံးကဏ္ဍများအား ကုစားမှုအပေါ်တွင်မူတည်မည် ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။  

 

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: Belgium