Brazil

ရုရှား- ယူကရိန်းစစ်ပွဲကြောင့် ဘရာဇီးလ်နိုင်ငံ၏ ဝက်သားနှင့်ကြက်သားတင်ပို့မှုအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်

Last Updated:

ပြောင်းစေ့ဈေးနှုန်းများ သိသာစွာမြင့်တက်လာမှုနှင့်အတူ ရုရှား- ယူကရိန်းစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ရုရှနိုင်ငံသို့ ကြက်နှင့် ဝက်အသားများ ထုတ်လုပ်တင်ပို့နေမှု အပေါ် ဘရာဇီးလ်ပို့ကုန်လုပ်ငန်းရှင်များက စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိနေကြောင်း သတင်းတွင်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ရုရှနိုင်ငံသို့ ဝက်သားတန်ချိန် ၉၀၀၀ တန်အား တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄ သန်းရရှိခဲ့ကြောင်း၊ ၎င်းပမာဏသည် ၂၀၂၁ ခုနှစ်တွင် တင်ပို့ခဲ့သည့် ဝက်သားတင်ပို့မှု၏ ၀.၈ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ရုရှနိုင်ငံသို့ ကြက်သားတန်ချိန် ၁၀၆,၀၀၀ တန်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၇ သန်းရရှိခဲ့ကြောင်း၊ ၎င်းပမာဏသည် ဘရာဇီးလ်နိုင်ငံ၏ ကြက်သားတင်ပို့မှု၏ ၂.၈ ရာခိုင်နှုန်းရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

ရုရှား- ယူကရိန်း အရေးအခင်းသည် ဘရာဇီးလ်နိုင်ငံ၏ ကြက်သားတင်ပို့မှုအပေါ် အကန့်အသတ်ဖြင့် ထိခိုက်မှုများဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ရာတွင် အခြားဈေးကွက် များသို့ တိုးချဲ့တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ အစာကုန်ကြမ်းဈေးနှုန်းများမြင့်တက်မှုကြောင်း တိရိစ္ဆာမွေးမြူရေးစရိတ်များ မြင့်တက်လျက်ရှိပြီး အသားထုတ်လုပ် မှုတွင် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း ဘရာဇီးလ်နိုင်ငံ အသားထုတ်လုပ်သူများအသင်း (Brazilian Association of Animal Protein - ABPA) ၏ ဥက္ကဌ Ricardo Santin ကပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံသည် ပြည်တွင်းစားသုံးမှုနှင့် မွေးမြူရေးလုပ်ငန်းအတွက် ပြောင်းစေ့၊ ပဲပုတ်စေ့ထွက်ကုန်နှင့် ဂျုံလိုအပ်ချက်များ မြင့်မားစွာရှိနေကြောင်း၊ ကုန်ကြမ်းဈေး နှုန်းများ မြင့်တက်မှု၏ အကျိုးဆက်အနေဖြင့် ပြည်တွင်း supermarket အရောင်းဆိုင်များတွင် ကြက်သား၊ ဝက်သားနှင့် ကြက်ဥဈေးနှုန်းများ နေ့စဉ်မြင့်တက်လျက်ရှိ နေကြောင်း၊ ရုရှား - ယူကရိန်း ပဋိပက္ခအခြေအနေ ပိုမိုဆိုးရွားလာသည့်အတွက် ရုရှနိုင်ငံသို့ တင်ပို့မှုများအပေါ်တွင် ထိခိုက်နိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ပုံမှန်ပို့ကုန် ဈေးကွက်သို့ ရောက်ရှိနိုင်ရန် နည်းလမ်းများရှာဖွေတင်ပို့သွားမည်ဖြစ်ကြောင်း အသင်းဥက္ကဌက ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံမှ ရုရှနိုင်ငံသို့ တင်ပို့ထားသောပို့ကုန်များအား သက်ဆိုင်ရာနိုင်ငံသို့ ကောင်းမွန်စွာရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း၊ ကုန်စည်တင်ပို့မှုတွင် အဓိက အခက်အခဲမှာ သင်္ဘောရရှိမှုအခက်အခဲနှင့် ကုန်သွယ်မှုလမ်းကြောင်းအတားအဆီးများဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် စစ်ဖြစ်ပွားနေသည့်ဧရိယာသို့ သွား ရောက်မည့် သင်္ဘောလိုင်းများမရှိတော့ကြောင်း၊ ထို့ကြောင့် အသားထုတ်လုပ်သည့် လုပ်ငန်းရှင်များအသင်းအနေဖြင့် စစ်ဇုန်ကိုရှောင်ကွင်း၍ သယ်ယူပို့ဆောင်နိုင်မည့် ပင်လယ်ရေကြောင်းလမ်းကြောင်းများမှ ပြောင်းလဲသယ်ယူပို့ဆောင်နိုင်ရေး သက်ဆိုင်ရာ နိုင်ငံတကာသင်္ဘောကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil