Belgium

လေကြောင်းခရီးသွားလာမှုကဏ္ဍ ၂၀၂၄ ခုနှစ်အထိ ပြန်လည်နိုးထနိုင်ဖွယ်မရှိ

Last Updated:

ကမ္ဘာ့လေကြောင်းခရီးသွားလုပ်ငန်းသည် မျှော်မှန်းထားသည်ထက် ပို၍နှေးကွေးစွာဖြင့် ပြန်လည်နိုးထလာနေပြီး၊ ကပ်ရောဂါမတိုင်မီကာလက အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရန်မှာ ၂၀၂၄ ခုနှစ်အထိ အချိန်ယူရမည်ဟု  အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (International Air Transport Association-IATA) က ပြောကြားခဲ့ကြောင်းသိရသည်။ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းအနေဖြင့် မြင်သာရုံမျှသာရှိသော အခြေအနေဖြင့် ပြန်လည်နိုးထနိုင်ကြောင်း၊ ဇွန်လအတွင်း လေကြောင်းပျံသန်းမှုများသည် ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၈၆.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း IATA ၏ စီးပွားရေးပညာရှင် Brian Pearce က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ  ဖြစ်ပွားနေမှုကြောင့် ခရီးသွားလာမှုဆိုင်ရာ ဝယ်လိုအား (travel demand) သည် အားနည်းနေဆဲ ဖြစ်သဖြင့် လေကြောင်းခရီးသွားလုပ်ငန်း၏ စီးပွားရေးဆိုင်ရာယုံကြည်မှုတွင် တိုးတက်လာဖွယ်မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ဂျာမနီနိုင်ငံသည် စပိန်နိုင်ငံရှိ ဒေသ(၃) ခုသို့ ခရီးသွားလာမှုနှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး၊ ဗြိတိန်နိုင်ငံကလည်း စပိန်နိုင်ငံမှ ပြန်လာသည့် ခရီးသွားများကို quarantine (၁၄) ရက်ထားရှိသွားမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၌ ပြည်နယ်အချို့က ကန့်သတ်ချက်များကိုဖြေလျှော့ပြီးမကြာမီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခဲ့ ကြောင်းသိရသည်။

အရေးပါသော စီးပွားရေးထွန်းသစ်စနိုင်ငံများစွာတွင် ဗိုင်းရပ်စ်ထိန်းချုပ်နိုင်မှုလက္ခဏာ  အနည်းငယ်ကိုသာတွေ့ရကြောင်း၊ ၎င်းစီးပွားရေး ထွန်းသစ်စနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု တို့သည် ကမ္ဘာ့လေကြောင်း ခရီးသွားလာမှုဈေးကွက်၏ (၄၀) ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြု ထားခြင်းဖြစ်ကြောင်း၊ ၎င်းနိုင်ငံများ၏ အသွားအလာကန့်သတ်ထားမှုများ အထူးသဖြင့် နိုင်ငံတကာ လေကြောင်းခရီးသွားလာမှုများကို ရပ်ဆိုင်းထားခြင်းသည် ကမ္ဘာ့လေကြောင်းခရီးသွားလာမှုကဏ္ဍ ပြန်လည်နိုးထနိုင်ရေးအတွက် အဓိကအခက်အခဲတစ်ရပ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်းက ပြောကြားခဲ့သည်ဟု သိရသည်။

ရင်းမြစ် -  (New Europe၊ ၂၉-၇-၂၀၂၀)

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: Belgium