Australia

အင်ဒိုနီးရှား၏ စားနပ်ရိက္ခာဝယ်လိုအားသည် ၂၀၅၀ ပြည့်နှစ်တွင် လေးဆတိုးလာနိုင်ရာ ဩစတြေးလျသွင်းကုန်များအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၏ စားနပ်ရိက္ခာလိုအပ်ချက်သည် ၂၀၅၀ ပြည့်နှစ်တွင် လေးဆတိုးလာရန် မျှော်မှန်းထားပြီး၊ အဆိုပါကွာဟချက်ကို သြစတြေးလျနိုင်ငံမှ တင်သွင်းမှု များက ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ABC သတင်းဌာနက သတင်းရေးသားဖော်ပြထားပါသည်။ Australian Bureau of Agricultural and Resource Economics (ABARES) မှ တာဝန်ရှိသူတစ်ဦးက အင်ဒိုနီးရှား၏ အစားအစာဈေးကွက်အတွက် တိုးတက်မှုအလားအလာသည် လွန်စွာကြီးမားကြောင်း၊ အင်ဒိုနီးရှား နိုင်ငံမှ စုံလင်ကွဲပြားပြီး၊ တန်ဖိုးမြှင့် အစားအစာများဖြစ်သည့် အသား၊ နို့ထွက်ပစ္စည်း၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဝယ်လိုအားသည် အရှိန်အဟုန်ဖြင့် တိုးတက်လာရာ ၂၀၅၀ ပြည့်နှစ်တွင် လေးဆခန့်အထိ တိုးမြှင့်လာရန် မျှော်မှန်းထားကြောင်း ပြောကြားထားပါသည်။

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ COVID-19 ကန့်သတ်ချက်များကြောင့် အင်ဒိုနီးရှားနိုင်ငံသား ၁.၁ သန်းကို ဆင်းရဲတွင်းသို့ ရောက်ရှိခဲ့ရကြောင်း၊ အင်ဒိုနီးရှား နိုင်ငံသား ၂၇.၅ သန်းဖြစ်သည့် လူဦးရေ၏ ၁၀% ကို ယခုအခါ ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါသည်။  ABARES က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ပိုမိုခွင့်ပြုခြင်းသည် အင်ဒိုနီးရှား စားသောက်ကုန်ဈေးနှုန်းများကို ကျဆင်းစေနိုင်ပြီး၊ အရည်အသွေးမြှင့်တင်ပေးနိုင်ကြောင်း အကြံပြုထားပြီး၊ အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေးအကြပ်အတည်း ပြေလျော့သွားသည်နှင့်အမျှ နိုင်ငံ၏ တိုးတက်မှုနှင့်အတူ မြို့ပြလူလတ်တန်းစားများ ပိုမိုများပြားလာကာ နိုင်ငံတွင်းသို့ အစားအသောက် များ ပိုမိုတင်သွင်းခွင့်ပြုရန် မူဝါဒချမှတ်သူများကို ဖိအားပေးခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် အင်ဒိုနီးရှား၌ အစားအစာစားသုံးမှုတိုးလာမှုတန်ဖိုး ၏ လေးပုံသုံးပုံခန့်သည် သွင်းကုန်များမှဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

Australia Indonesia Business Council (AIBC) ဥက္ကဌက သြစတြေးလျ၏ သန့်ရှင်းပြီး၊ ဘေးကင်းသော အရည်အသွေးမြင့် အစားအစာများကို ပံ့ပိုးပေးသူအဖြစ် ဂုဏ်သတင်းကျော်ကြားမှုနှင့် ၎င်း၏ လက်ရှိ စိုက်ပျိုး၊မွေးမြူရေးထုတ်ကုန် ကုန်သွယ်မှုဆက်ဆံရေးက  အင်ဒိုနီးရှား၏ ကြီးထွားလာနေသော အရည်အသွေးမြင့် လယ်ယာထွက်ကုန်၀ယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ထောက်ပံ့မှုကို တိုးမြင့်လာစေရန် အကောင်းဆုံးပေါင်းကူးဖြစ်ပါကြောင်း၊ သို့သော် အင်ဒိုနီးရှားဈေးကွက်သို့ ဝင်ရောက်ရာတွင် သြစတြေးလျမှ ထုတ်လုပ်သူများသည် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်ထုတ်စွမ်းအားနှင့် ဖူလုံရေးဆိုင်ရာ ဦးစားပေးမှုများကို နားလည်သဘောပေါက်ပြီး မူဝါဒနှင့်စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာကိစ္စရပ်များတွင် လုံ့လစိုက်ထုတ်လုပ်ဆောင်သွားရန် အရေးကြီးပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ထုတ် ခြင်းနှင့် ရေရှည်တည်တံ့သော ထောက်ပံ့ရေးကွင်းဆက်များ တည်ဆောက်ခြင်းအပါအဝင် အစိမ်းရောင်စီးပွားရေး အသွင်ကူးပြောင်းရေးတွင် အင်ဒိုနီးရှားနှင့်ပူးပေါင်းရန် ဩစတြေးလျလုပ်ငန်းများအတွက် ပေါ်ထွက်လာသော အခွင့်အလမ်းများဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: Australia