Belgium

အဓိကစီးပွားရေးများအနက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာဆုံးဖြစ်ခဲ့သည့် ဗြိတိန်နိုင်ငံ

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း အဓိကစီးပွားရေးများတွင် ဗြိတိန်နိုင်ငံသည် ကိုဗစ်-၁၉ ကြောင့် အထိနာဆုံးဖြစ်ခဲ့ကြောင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Organization for Economic Co-operation and Development-OECD)ကပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်မှုအစီအမံ (lockdown measures)များကြောင့် ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ သုံးလတာအတွင်း အကြီးမားဆုံး ကျဆင်းမှုဖြင့် စံချိန်တင်ကျဆင်းခဲ့ကြောင်း၊  ဗြိတိန်နိုင်ငံ၏ စီးပွားရေးသည် OECD နိုင်ငံများ၏ စီးပွားရေးကျဆင်းမှု ၉ ဒသမ ၈ ရာခိုင်နှုန်းထက် များစွာကျော်လွန်၍ ၂၀ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံသည် စီးပွားရေးကျဆင်းမှု ၁၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒုတိယအထိနာဆုံး ဖြစ်ခဲ့ သည်။ အလားတူ G7 စက်မှုနိုင်ငံအုပ်စုသည်လည်း စီးပွားရေးကျဆင်းမှု ၁၀ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ ယူရိုဇုန်၏ စီးပွားရေးမှာ ၁၂ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့သည်။ G7 နိုင်ငံများအနက် ဒုတိယသုံးလပတ်တွင် ဂျီဒီပီ ကျဆင်းခဲ့သည့်နိုင်ငံများမှာ ပြင်သစ် ၁၃ ဒသမ ၈ ရာခိုင်နှုန်း ၊ အီတလီ၊ ကနေဒါနှင့် ဂျာမနီနိုင်ငံတို့သည် ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း တို့ဖြင့် အသီးသီးကျဆင်းခဲ့ကြကြောင်း သိရသည်။

အီးယူနိုင်ငံများထက် ဗြိတိန်နိုင်ငံ၏ စီးပွားရေးပိုမိုဆိုးရွားစွာကျဆင်းခဲ့ရခြင်းမှာ ယင်း၏ဝန်ဆောင်မှုကဏ္ဍ၊ ဧည့်ဝန်ဆောင်မှုလုပ်ငန်းနှင့် စားသုံးသူသုံးစွဲမှုတို့အပေါ်တွင် မှီခိုနေခြင်းကြောင့်ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ စီးပွားရေးတွင် လက်လီသုံးစွဲမှုသည် အကျပ်အတည်းကာလမတိုင်မီက အခြေအနေသို့ပြန်လည်ရောက်ရှိခဲ့သော်လည်း အခြားကဏ္ဍများမှာ ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ စီးပွားရေး ပုံမှန်လမ်းကြောင်း ပေါ်သို့ အပြည့်အဝပြန်လည်ရောက်ရှိရန်မှာ နှစ်အနည်းငယ်ကြာမြင့်နိုင်ပြီး၊ အလုပ်လက်မဲ့နှုန်းသည် ၁၀ ရာခိုင်နှုန်း (သို့မဟုတ်) ထို့ထက်ပို၍ မြင့်မားနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်းသိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (BBC)

Category: Belgium