Belgium

အမေရိကန်-တရုတ်ကုန်သွယ်ရေးသဘောတူညီချက် WTO စည်းမျဉ်းများနှင့်ကိုက်ညီမှုရှိ/မရှိ အီးယူ သုံးသပ်မည်

Last Updated:

        အမေရိကန်နှင့်တရုတ်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့်ကုန်သွယ်ရေးသဘော တူညီချက် အသစ် (Phase One deal) သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိနှင့် စပ်လျဉ်း၍ အီးယူအနေဖြင့် အကဲဖြတ် သွားမည်ဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်သည် တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံမှ သွင်းကုန်တင်သွင်းမှုမြှင့်တင်ရန်အတွက် နှစ်နိုင်ငံအကြား အခွန်နှုန်းထားအချို့ကို လျှော့ချသွားမည်ဖြစ်သဖြင့် နှစ်နိုင်ငံအကြားဖြစ်ပွားနေသည့် ကုန်သွယ်ရေးတင်းမာမှု များတွင် နောက်ထပ်အဆင့်တစ်ဆင့်အား တံခါးဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အီးယူနှင့် အမေရိကန်တို့အကြား ကုန်သွယ်မှု အစီအစဉ်ကို ပြန်လည်ဆန်းသစ်နိုင်ရန် ရည်ရွယ်လျက် အမေရိကန်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေစဉ်အတွင်း အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan သည် အမေရိကန်နိုင်ငံ၏ အကြီးတန်း ကုန်သွယ်ရေးအရာရှိကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း New Europe သတင်းဌာန၏ ၁၇-၁-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။

          ထိုသို့ သုံးသပ်အကဲဖြတ်မှုသည် တတိယနိုင်ငံများအချင်းချင်း ကုန်သွယ်ရေးသဘောတူညီချက် ရရှိသည့်အချိန်တွင် ယေဘုယျလုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟု အီးယူကဆိုကြောင်း၊ အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးသဘောတူညီချက်၏ WTO စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုကို မိမိတို့အနေဖြင့် သုံးသပ်သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအား နိုင်ငံတကာကုန်သွယ်မှု၏ အချက်အချာဖြစ်စေရေးမှာ အီးယူ၏ ထိပ်တန်းဉီးစားပေးကိစ္စရပ်ဖြစ်သည်ဟု Phil Hogan က ပြောကြားခဲ့ကြောင်းသိရှိပါသည်။ WTO ပြုပြင်ပြောင်းလဲရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ မည်သည့်ဆွေးနွေးမှုမျိုးကိုမဆို အီးယူ အနေဖြင့် ချဉ်းကပ်သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံ၏ လိုလားချက်ကို ရှင်းလင်းစွာသိရှိရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

          ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အယူခံအဖွဲ့ဝင်ခန့်အပ်မှုကိစ္စရပ်အပေါ် အမေရိကန်နိုင်ငံအစိုးရ၏ ပိတ်ဆို့ထားမှုကြောင့် WTO အဖွဲ့အစည်း၏ အဆိုးဆုံးအကျပ်အတည်းဆီသို့လည်း ဉီးတည်နေကြောင်း၊ အီးယူနှင့်အမေရိကန်နိုင်ငံတို့အကြား Airbus နှင့် Boeing လေယာဉ်ဆိုင်ရာကိစ္စရပ်များတွင် အထောက် အပံ့ပေးမှု (subsidy) များကြောင့် အခွန်ဆိုင်ရာအငြင်းပွားမှုများရှိနေစဉ် တွင် အီးယူမှ ကားတင်သွင်းမှုအပေါ် အမေရိကန်နိုင်ငံမှ အခွန်သစ်များပြဌာန်းရန်အတွက် လုပ်ထုံးလုပ်နည်းတစ်ရပ်ကို ကြေညာခဲ့ကြောင်း၊ ပြင်သစ်နိုင်ငံ၏ ဒစ်ဂျစ်တယ်ခွန်ကောက်ခံမှုကို တုန့်ပြန်မှုအဖြစ် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိ ကုန်စည်များအပေါ် အခွန်နှုန်းထားများပြဌာန်းရန် အမေရိကန်နိုင်ငံ၏ စီစဉ်နေမှုကို ရင်ဆိုင်နေရကြောင်း၊ အခွန်နှုန်းထားများ အပြန်အလှန်ပြဌာန်းခြင်းသည် နှစ်ဘက်စလုံးအတွက် အကျိုး မရှိနိုင်ကြောင်း Phil Hogan က ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

ရင်းမြစ်- (http://www.neweurope.eu)

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: Belgium