Australia

အရှေ့တီမောသို့ တင်ပို့မည့် ဟင်းချက်ဆီများကို အင်ဒိုနီးရှားအာဏာပိုင်များက သိမ်းယူလိုက်ခြင်း

Last Updated:

အင်ဒိုနီးရှားအစိုးရက စားအုန်းဆီကြမ်းနှင့် ယင်းထွက်ကုန်များတင်ပို့မှုကို တားမြစ်ပိတ်ပင်ရေး ကြိုးပမ်းနေချိန်တွင် အင်ဒိုနီးရှားသည် အရှေ့တီမော သို့တင်ပို့မည့် အနည်းဆုံး စားသုံးဆီလီတာ ၈၁,၀၀၀ ကို သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။ ၂၈-၄-၂၀၂၂ ရက်နေ့က ဂျာဗားကျွန်း၊ ဆူရာဘာရာရှိ Tanjung Perak ဆိပ်ကမ်းတွင် ပို့ကုန်ကြေညာလွှာတွင် ဟင်းချက်ဆီစာရင်းမပါဘဲ တင်ပို့မည့် ဟင်းချက်ဆီနှင့် အခြားပစ္စည်း များတင်ဆောင်ထား သည့် သင်္ဘောကွန်တိန်နာ ၈ လုံးထက်မနည်းသိမ်းဆည်းရမိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနက ၁၂-၅-၂၀၂၂ နေ့နှောင်းပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟင်းချက်ဆီ တင်ပို့မှုတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိပါက ထောင်ဒဏ် (၅) နှစ်နှင့် ဒဏ်ငွေ အင်ဒိုနီးရှား ရူပီး ၅ ဘီလီယံ (ဒေါ်လာ ၅၀၀,၀၀၀) အထိ ချမှတ်နိုင်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး Sihard Hadjopan Pohan က ပြောကြားခဲ့သည်။ တာဝန်ရှိသူများက သင်္ဘောပိုင်ရှင်နှင့် ကုန်စည်ပိုင်ရှင်ကို အမည်များကို မဖော်ပြခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားသည် ပြီးခဲ့သော လနှောင်းပိုင်းတွင် စားအုန်းဆီကြမ်းနှင့် သန့်စင်ပြီး စားအုန်းဆီထုတ်ကုန် များတင်ပို့မှုကို ရပ်တန့်လိုက်ခြင်းဖြင့် နိုင်ငံအတွင်းရှိ ဟင်းချက်ဆီဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။ ပြီးခဲ့သည့်လက ပါလီမန်သို့ ကျောင်းသားရာနှင့်ချီ ချီတက်ဆန္ဒပြပွဲများအပြီးတွင် အဆိုပါတားမြစ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နေကြာဆီထောက်ပံ့မှု အများအပြား ဖယ်ရှားခံလိုက်ရသည့် ယူကရိန်းစစ်ပွဲကြောင့် ရုန်းကန်နေရသော ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်များ သည် တင်ပို့မှုပိတ်ပင်လိုက်ခြင်းကြောင့် လှုပ်ခတ်သွားခဲ့ရသည်။ စားအုန်းဆီသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးကွက်၏ သုံးပုံတစ်ပုံကျော်ရှိပြီး၊ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီထောက်ပံ့မှု၏ ၆၀ % ခန့်ရှိသည်။

အင်ဒိုနီးရှားစီးပွားရေးဝန်ကြီး Airlangga Hartarto က နိုင်ငံတစ်ဝှမ်း စားသုံးဆီဈေးနှုန်းများ တစ်လီတာလျှင် အင်ဒိုနီးရှားရူပီး ၁၄,၀၀၀ အထိ ကျဆင်းသွားသည်အထိ တင်ပို့မှုပိတ်ပင်ထားမည်ဟု ပြောကြားခဲ့သည်။ ၁၂-၅-၂၀၂၂ ရက်နေ့ရှိ ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များ အရ စားသုံးဆီတစ်လီတာလျှင် အင်ဒိုနီးရှား ရူပီး ၁၆,၆၀၀ ဖြင့် ရောင်းချနေကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)
Source: www.abc.net.au

 

Category: Australia