Australia

အိန္ဒိယကသကြားပို့ကုန်အပေါ် ထောက်ပံ့ကြေးပေးခြင်းကိစ္စ WTO တွင် ဩစတြေးလျ အနိုင်ရရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံက သကြားပို့ကုန်အပေါ် ထောက်ပံ့ကြေးပေးခြင်းကိစ္စနှင့်စပ်လျဉ်း၍ WTO တွင် ကာလရှည်ကြာ တရားဝင်တိုက်ပွဲဝင်ခဲ့ပြီးနောက် ဩစတြေးလျ ကြံစိုက်ပျိုး သူများ အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။ WTO ခုံရုံးတစ်ခုက ကုန်သွယ်မှုစည်းမျဉ်းများအောက်တွင် အိန္ဒိယသည် တားမြစ်ထားသော ပို့ကုန်ထောက်ပံ့မှုများရှိနေ ကြောင်း တွေ့ရှိခဲ့ပြီးနောက် ယင်းတို့ကို ဖယ်ရှားရန် အကြံပြုခဲ့ကြောင်း သိရှိရပါသည်။

ဩစတြေးလျ ကြံစိုက်ပျိုးသူများ၏ ဥက္ကဌ Paul Schembri က ဩစတြေးလျ ကြံစိုက်ပျိုးသူများအတွက်သာမက ကမ္ဘာတဝှမ်းရှိ ထောက်ပံ့ကြေးမရရှိသည့် သကြား ထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက်ပါ အားတက်စရာ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊  ဆက်လက်၍ အယူခံဝင်ရမည့် လုပ်ငန်းစဉ်များရှိနေသေးသဖြင့် လက်တွေ့ကျကျ လုပ်ဆောင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဩစတြေးလျသည် ဘရာဇီးနှင့် ဂွါတီမာလာအစိုးရတို့နှင့်အတူ အိန္ဒိယသည် ၎င်း၏ လယ်သမားများအား ထောက်ပံ့ကြေးပံ့ပိုးပေးခြင်းဖြင့် ကမ္ဘာ့သကြားစျေးနှုန်းကို ပျက်စီးစေသည်ဟု စွပ်စွဲကာ WTO သို့တိုင်ကြားခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ပါသည်။ ဩစတြေးလျ စိုက်ပျိုးသူများသည် ထောက်ပံ့မှုများကြောင့် နိုင်ငံတကာဈေးကွက်တွင် အနှောင့်အယှက်ဖြစ်စေပြီး၊ ကမ္ဘာ့စျေးနှုန်းများ သိသိသာသာ ကျဆင်းသွားသည်ဟု စွပ်စွဲထားသည်။

လွန်ခဲ့သည့် သုံးနှစ် (သို့) လေးနှစ်အတွင်းတွင် ကမ္ဘာ့သကြားစျေးနှုန်းသည် ထုတ်လုပ်မှုစရိတ်အောက်တွင် ကျဆင်းနေခဲ့ခြင်းသည် သြစတြေးလျသကြားထုတ်လုပ်မှု လုပ်ငန်းကဏ္ဍအတွက် ကြီးမားသော စီးပွားရေးကို ထိခိုက်နစ်နာစေခဲ့ပါသည်။ ကြံစိုက်ပျိုးသူများက ယခုနှစ်အစောပိုင်းတွင် စီရင်ချက်ထွက်ပေါ်လာမည်ဟု မျှော်လင့်ခဲ့ သော်လည်း လုပ်ငန်းစဉ်သည် COVID-19 ကြောင့် အဟန့်အတားဖြစ်ပေါ်စေခဲ့သည်။ ကြေငြာချက်တစ်ခုတွင် ကြံစိုက်ပျိုးသူများနှင့် ဩစတြေးလျ သကြားစက်ကောင်စီ တို့သည် WTO အဖွဲ့၏ တွေ့ရှိချက်များကို လိုက်နာရန် အိန္ဒိယအစိုးရအား တောင်းဆိုထားပါသည်။

WTO သည် သကြားထောက်ပံ့ကြေးပေးခြင်းနှင့်စပ်လျဉ်း၍  သြစတြေးလျကို အနိုင်ပေး ဆုံးဖြတ်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ၂၀၀၄ ခုနှစ်တွင် ဥရောပသမဂ္ဂ ၏ သကြားအပေါ် ထောက်ပံ့ကြေးပေးခြင်းသည် တရားမဝင်ကြောင်း ကြေညာခဲ့ပြီး၊ ယင်းသည် ကမ္ဘာ့သကြားစျေးနှုန်းကို ချက်ချင်းမြင့်တက်စေခဲ့ပါသည်။ သြစတြေးလျ သည် ပြည်တွင်းထုတ်လုပ်မှု၏ ၈၅% ခန့်ကို တင်ပို့နေပြီး၊ အကျိုးအမြတ်ရရှိရန် ကမ္ဘာ့သကြားကုန်ကြမ်းစျေးနှုန်းကို မှီခိုအားထားလျက်ရှိသည်။ ကမ္ဘာပေါ်တွင် ဘရာဇီးလ်နိုင်ငံက အကြီးဆုံးသကြားထုတ်လုပ်သူဖြစ်ပြီး၊ ဩစတြေးလျနိုင်ငံက ဒုတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်ပါသည်။

ယခုအနိုင်ရမှုသည် လောလောဆယ်တွင် နိုင်ငံတကာတရားရုံးရှေ့မှောက်တွင် သြစတြေးလျ၏ အခြားအငြင်းပွားမှုများအတွက် အကျိုးသက်ရောက်မှုများ ရှိလာနိုင် ကြောင်းလည်း သိရှိရသည်။ မတ်လတွင် သြစတြေးလျအစိုးရသည် မုယောစပါးအပေါ် တန်ပြန်စုပုံ တင်သွင်းခွန်စည်းကြပ်ခြင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်း များကို ချိုးဖောက်သည့်အတွက် တရုတ်နိုင်ငံအား WTO အငြင်းပွားမှုအဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် ယခုနှစ် အောက်တိုဘာလတွင် WTO သည် သြစတြေးလျဝိုင်အပေါ် တရုတ်၏ အခွန်စည်းကြပ်မှုကို စစ်ဆေးရန် သဘောတူညီခဲ့ပြီးဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.abc.net.au

Category: Australia