Brazil

အိန္ဒိယနိုင်ငံ၏ အီသနောတိုးတက်ထုတ်လုပ်မှုကြောင့် ကမ္ဘာ့သကြားဈေးကွက်သို့ သကြားဝင်ရောက်မှု သိသိသာသာကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံ၏ ကြံမှ အီသနော တိုးတက်ထုတ်လုပ်ခြင်းနှင့် ဘရာဇီးလ်နိုင်ငံ၏ သကြားထုတ်လုပ်မှုကျဆင်းလျက်ရှိခြင်းတို့ကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံရာသီချိန်တွင် ကမ္ဘာ့ဈေးကွက်သို့ သကြားဝင်ရောက်မှု အလွန်အမင်းကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် ယခုနှစ် ကမ္ဘာ့သကြားဈေးကွက်တွင် သကြားတန်ချိန် ၁.၈ သန်းအထိ ပိုလျှံဝယ်လို အား ဖြစ်ပေါ်နိုင်ကြောင်း အထွေထွေအကျိုးဆောင်ကုမ္ပဏီ StoneX က ဒီဇင်ဘာ လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ယခုနှစ်အတွက် ကမ္ဘာ့သကြားထုတ်လုပ်မှုအား သကြားတန်ချိန် ၁၈၆.၆ သန်းခန့်ရှိရန် ခန့်မှန်းထားပြီး တစ်ကမ္ဘာ့လုံးအတိုင်းအတာဖြင့် သကြားလိုအပ်ချက်သည် တန်ချိန် ၁၈၈.၄ သန်းခန့်ရှိကြောင်း၊ ပင်လယ်ရေကြောင်းပို့ဆောင်ခများ ပြန်လည်ကျဆင်းလာသည်နှင့်အမျှ သကြားဝယ်လိုအားများ တိုးတက်လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သကြားအများအပြားဝယ်ယူတင်သွင်းသည့် အာရှနိုင်ငံနိုင်ငံများ၏ ဝယ်ယူတင်သွင်းမှုများ ပြန်လည်တိုးတက်ကောင်းမွန်လာနိုင်ကြောင်း StoneX က ပြောကြားခဲ့သည်။

ဧပြီလတွင်စတင်မည့် ဘရာဇီးလ်နိုင်ငံ၏ ကြံစိုက်ပျိုးထုတ်လုပ်မှုသည် ပုံမှန်ထွက်ရှိသည့် ပမာဏထက် ၆ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ပြီး ကြံတန်ချိန် ၅၆၅.၃ သန်းအထိ ထွက်ရှိနိုင်ကြောင်း၊ ဗြိတိန်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကြံစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၁-၂၀၂၂ ခုနှစ်ရာသီ (အောက်တိုဘာလမှ စက်တင်ဘာလ အထိ)တွင် ကြံတန်ချိန် ၁၇.၂ သန်းဝန်းကျင်အထိ ထွက်ရှိနိုင်ကြောင်း အကျိုးဆောင်ကုမ္ပဏီက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ သကြားစက်များသည် အရှိန်အဟုန်မြှင့်တင်လျက် သကြားများ ကြိတ်ခွဲထုတ်လုပ်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ရာသီချိန်တွင် သကြားတန်ချိန် ၄.၇၂ သန်း အား ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထုတ်လုပ်မှုထက် ၁၀ ရာခိုင်နှုန်း တိုးတက်လျက်ရှိကြောင်း ပို့ကုန်သွင်းကုန်အကျိုးဆောင်ကုမ္ပဏီက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည့် ကမ္ဘာ့သကြားထုတ်လုပ်တင်ပို့သည့် နိုင်ငံများစာရင်းတွင် ဒုတိယအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ သကြားတင်ပို့မူသည် ကမ္ဘာ့သကြားဈေးကွက်နှုန်းဖြစ်ပေါ်မှုအပေါ် များစွာအကျိုးသက်ရောက်မှုရှိကြောင်း၊  သကြားတန်ချိန် ၃.၅ သန်းအား ပြည်ပနိုင်ငံများသို့ တင်ပို့ သွားရန် စာချုပ်များချုပ်ဆိုထားပြီးဖြစ်ကြောင်း အိန္ဒိယနိုင်ငံ သကြားစက်လုပ်ငန်းရှင်များအသင်း (Indian Sugar Mills Association- ISMA) က သတင်းထုတ်ပြန်ခဲ့ သည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

 

သတင်းရင်းမြစ် - Reuters

Category: Brazil