Belgium

အီးယူခေါင်းဆောင်များအကြား ဘတ်ဂျတ်ဆွေးနွေးမှု သဘောတူညီခဲ့ခြင်းကို ဥရောပဗဟိုဘဏ် ဥက္ကဌမှ ကြိုဆို

Last Updated:

လာမည့် (၇) နှစ်အတွက် အီးယူဘတ်ဂျတ်နှင့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ထိခိုက်မှုအရှိဆုံး ဥရောပနိုင်ငံများအား ကူညီပေးရန် ယူရို (၇၅၀) ဘီလီယံ ပြန်လည်ကုစားရေး အစီ အစဉ်တို့အတွက် အီးယူ၏ဘဏ္ဍာရေး ဆိုင်ရာမူဘောင်အပေါ် အီးယူအဖွဲ့ဝင်နိုင်ငံ အစိုးရခေါင်းဆောင် များအကြား ၂၁-၇-၂၀၂၀ (အင်္ဂါနေ့) အစောပိုင်းက သဘောတူညီခဲ့ကြခြင်းကို ဥရောပဗဟိုဘဏ် ဥက္ကဌ Christine Lagarde က ကြိုဆိုခဲ့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အီးယူခေါင်းဆောင်များ၏ လုပ်ဆောင်ချက်နှင့် ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်ရည်စွမ်းကို ကျေးဇူးတင်ရှိကြောင်းနှင့် Covid-19 ၏ စီးပွားရေးအကျိုးဆက်များကို အတူတကွလုပ်ဆောင်ခြင်းဖြင့်သာလျှင် ရင်ဆိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

မာရသွန်ဆွေးနွေးပွဲများဟုခေါ်ဆိုသည့် ညှိနှိုင်းမှုများကို ဆောင်ရွက်ခဲ့ပြီးနောက် ဥရောပကောင်စီသည် ၂၀၂၁-၂၀၂၇ အတွက် Multiannual Financial Framework နှင့် စီးပွားရေးပြန်လည် ကုစားရေးအစီအမံတို့ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁-၂၀၂၇ အတွက် ဥရောပ၏ဘတ်ဂျတ်နှင့် ပြန်လည်ကုစာရေးအစီအစဉ်တို့အား သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းကို ဥရောပကောင်စီ၏ ဥက္ကဌ Charles Michel က ၎င်း၏ တွစ်တာ စာမျက်နှာ၌ ရေးသားဖော်ပြခဲ့ကြောင်း၊ ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron ကလည်း ဥရောပအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည်ဟု ၎င်း၏ တွစ်တာစာမျက်နှာ၌ ဖော်ပြခဲ့ကြောင်းသိရသည်။

၂၁-၇-၂၀၂၀ နေ့ နံနက်အစောပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Charles Michel က အီးယူအဖွဲ့ဝင်နိုင်ငံများအတွက် ညှိနှိုင်းဆွေးနွေးမှုများကို မာရသွန်ဆွေးနွေးပွဲတစ်ရပ်အဖြစ် ဖော်ပြခဲ့သည်။  ယခု သဘောတူညီချက်သည် ဥရောပ၏ ခရီးလမ်းအတွက် အရေးပါသော အရွေ့တစ်ရပ်ဖြစ်ကြောင်းနှင့် ပထမဆုံးအကြိမ်အဖြစ် အီးယူ၏ ဘတ်ဂျတ်သည် ရာသီဥတုဆိုင်ရာ ရည်ရွယ်ချက်များနှင့်ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရသည်။

 

 

(စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: Belgium