Belgium

အီးယူနှင့် WTO အဖွဲ့ဝင် (၁၆) နိုင်ငံအကြား ကြားဖြတ်အယူခံစီရင်ဆုံးဖြတ်မှုအစီအမံအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့

Last Updated:

ကမ္ဘာကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအတွက် အငြင်းပွားမှုဖြေရှင်းရေးစနစ်၏ လုပ်ငန်းရပ်များကိုဆက်လက်လုပ်ဆောင်နိုင်စေရန်နိုင်ငံများပါဝင်သည့် ကြားဖြတ်အယူခံအဖွဲ့စီရင်ဆုံးဖြတ်မှုဆိုင်ရာ အစီ အမံကိုဆောင်ရွက်ရန် ၂၄.၁.၂၀၂၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် အီးယူနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ၁၆ နိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့ကြောင်း၊ အဆိုပါအစီအစဉ်ကိုပြီးခဲ့သည့်နှစ် ဒီဇင်လာလလယ်တွင်  အီးယူမှ ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ကတည်းက အယူခံအဖွဲ့ဝင်သစ်ခန့်အပ်ရေး ပိတ်ဆို့ထားမှုကြောင့် WTO အယူ ခံအဖွဲ့ဝင်၏ လုပ်ငန်းများတုံဆိုင်းနေရခြင်းကို ဖြေရှင်းနိုင်ရန် WTO အဖွဲ့ဝင်နိုင်ငံများက လိုက်ပါဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယခုထုတ်ပြန်ချက်သည် အီးယူနှင့်ပါဝင်ဆောင်ရွက်သည့် WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာကုန်သွယ်မှုကိစ္စရပ်များတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဆင့်နှစ်ဆင့်ဖြင့် အငြင်းပွားမှုဖြေရှင်း သည့် စနစ်အား ဆက်လက်ထိန်းသိမ်းထားလိုသည့် သဘောထား၏ အရေးပါမှုကို သက်သေပြသခြင်းဖြစ်ကြောင်း၊ နိုင်ငံအများပါဝင်သည့်  အယူခံအဖွဲ့စီရင်ဆုံးဖြတ်မှုဆိုင်ရာ အစီအမံသည် စည်းနှောင်မှု ရှိပြီး ဘက်မလိုက်သည့် အရည်အသွေးမြင့်မားသောအငြင်းပွားမှုဖြေရှင်းရေးစနစ်ကို ပါဝင်ဆောင်ရွက်သည့် နိုင်ငံများအကြား ဆက်လက်ရရှိစေရေး အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ အယူခံအဖွဲ့လုပ်ငန်းများတုံ့ဆိုင်းနေမှုကြောင့် ယခုဆောင်ရွက်မှုသည် လိုအပ်သည့်အရေးပေါ် အစီအမံတစ်ရပ်ဖြစ်ပါကြောင်း၊ လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများနှင့်ဖြစ်ပေါ် တိုးတက်မှုများ အပါအဝင် အယူခံအဖွဲ့အကျပ်အတည်းအပေါ် ရေရှည်ဖြေရှင်းချက်တစ်ရပ်ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီးယူ၏ကုန်သွယ်ရေးကော်မရှင်နာ ဖြစ်သူ Phil Hogan က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါနိုင်ငံများပါဝင်သည့် ကြားဖြတ်အစီအစဉ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အငြင်းပွားမှုဖြေရှင်းရေးသဘောတူညီချက် (WTO Dispute Settlement Understanding-DSU) ၏ ပုဒ်မ ၂၅ အပေါ် အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းအစီအစဉ်သည် ပါဝင်ဆောင်ရွက်သည့် ဩစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ တရုတ်၊ ချီလီ၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဥရောပ သမဂ္ဂ၊ ဂွါတီမာလာ၊ ကိုရီးယားသမ္မတနိုင်ငံ၊ မက္ကဆီကို၊ နယူးဇီလန်၊ နော်ဝေ၊ ပနားမား၊ စင်ကာပူ၊ ဆွစ်ဇာလန်နှင့် ဥရုဂွေး စသည့်နိုင်ငံများအကြား ကုန်သွယ်ရေးအငြင်းပွားမှုများ ဖြစ်ပေါ်လာပါကထိရောက်၍ စည်းနှောင်မှု ရှိသော အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ကို သေချာစေလိမ့်မည်ဖြစ်ကြောင်း၊ ယင်းအစီအမံသည် ကြားဖြတ်စီမံဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး၊ WTO ၏ အယူခံအဖွဲ့ပြန်လည်၍ လုပ်ငန်းလည်ပတ် ဆောင်ရွက်နိုင်သည့် အချိန်အထိသာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ လွတ်လပ်မှုရှိပြီး၊ ဘက်မလိုက်သည့် အယူခံအဆင့်လုပ်ငန်းဆောင်ရွက်မှု သည် အရည်အသွေးမြင့်မားဆုံးစည်းမျည်းစည်းကမ်းများ၏ အာမခံမှုကိုပေးစွမ်းထားခြင်းဖြစ်ကြောင်းနှင့် ယင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အငြင်းပွားမှုဖြေရှင်းစနစ်၏ အရေးပါသော သွင်ပြင်လက္ခဏာရပ်များအနက် တစ်ခုဖြစ်စေရေး ဆက်လက်ဆောင်ရွက် သွားရမည်ဟု အီးယူအနေဖြင့် ယုံကြည်ထားကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: Belgium