Belgium

အီးယူနှင့်တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးများ ဆွေးနွေးခဲ့ခြင်း

Last Updated:

ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံတို့အကြား (၈) ကြိမ်မြောက် အဆင့်မြင့်စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာဆွေးနွေးပွဲ (8th High-Level Trade and Economic Dialogue-HED) ကို ၂၈-၇-၂၀၂၀ နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲသို့ ဥရောပ ကော်မရှင်၏ အမှုဆောင်ဒုတိယဥက္ကဌ Valdis Dombrovskis နှင့်အတူ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan၊ တရုတ်နိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ် Liu He နှင့် ဒုတိယဝန်ကြီးများ တက်ရောက် ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ကိုရိုနာဗိုင်းရပ်စ်အားပူးပေါင်းတုန့်ပြန်ရေးနှင့် ကမ္ဘာ့စီးပွားရေးစီမံ အုပ်ချုပ်မှုကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အခွန်နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိအကျပ်အတည်းကို တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့မိတ်ဖက်များနှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ အတူတကွ ကြိုးစားဆွဲတင်ခြင်းဖြင့် စီးပွားရေး ပိုမိုမြန်ဆန်စွာ နာလန်ထူနိုင်မည်ဖြစ်ပြီး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကဲ့သို့သော နှစ်ဘက်အကျိုးစီးပွားဆိုင်ရာနယ်ပယ်များတွင် တိုးတက်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မိမိတို့ ၏ကုမ္ပဏီများအား အပြန်အလှန်မူအားဖြင့် ပြုမှုဆက်ဆံရေးကဲ့သို့သော ကိစ္စရပ်များကိုလည်း ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လာမည့်ဆောင်းဦးကာလတွင်ပြုလုပ်မည့်  နှစ်ဘက်ခေါင်းဆောင်များအကြား ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အဆိုပါကိစ္စရပ်များကို တိုးတက်မှုရရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း Valdis Dombrovskis က ပြောကြားခဲ့သည်။

အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Phil Hogan က အီးယူ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးသည် အပြန်အလှန်မူနှင့် level-playing filed တို့ကို အခြေခံရမည်ဖြစ်ကြောင်း၊ အီးယူ၏ ကုန်စည်နှင့်ဝန်ဆောင်မှု တင်ပို့သူများနှင့် ဥရောပရင်းနှီးမြှုပ်နှံသူများ တရုတ်နိုင်ငံ ဈေးကွက်သို့ ဝင်ရောက်ရာတွင်အဟန့်အတားဖြစ်စေသည့် လက်ရှိအတားအဆီးများကို ဖယ်ရှားပေးရန်နှင့် multilateral system ပြုပြင် ပြောင်းလဲရေးတွင်ပါဝင်ရန် တောင်းဆိုခဲ့ကြောင်းပြောကြားခဲ့သည်။  ယခုဆွေးနွေးပွဲတွင် ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးဆဲ စေ့စပ်ညှိနှိုင်းမှုများအပေါ် နှစ်ဘက်အမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်းသိရသည်။  

 

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

 

ရင်းမြစ် -  (ဥရောပကော်မရှင်၊ Press release၊ ၂၈-၇-၂၀၂၀)

Category: Belgium