Belgium

အီးယူ၏ စီးပွားရေးပြန်လည်ထူထောင်ရေးရန်ပုံငွေအတွက် ယူရို (၅၀၀) ဘီလီယံသုံးစွဲရန် ပြင်သစ် နှင့် ဂျာမနီတို့ အဆိုပြု

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကျပ်အတည်းကြောင့် စီးပွားရေးကျဆင်းမှုရှိခဲ့သည့် အီးယူနိုင်ငံများအား ငွေကြေးအထောက်အပံ့ပေးနိုင်မည့် အီးယူ၏ စီးပွားရေးပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ယူရို (၅၀၀) ဘီလီယံ သုံးစွဲရန် ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က တောင်းဆိုခဲ့ကြကြောင်း၊ ဂျာမနီ နိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန်တို့က အီးယူ တစ်ခုတည်းသောဈေးကွက်အတွင်း ထိခိုက်မှုကိုရှောင်လွှဲနိုင်ရန်နှင့် အီးယူ၏ စီးပွားရေးများအားလုံး ပြန်လည်စတင်နိုင်ရေး အကူအညီပေးရန်ရည်ရွက်ချက်ဖြင့် အဆိုပါရန်ပုံငွေအတွက် ပူးတွဲ ရပ်တည်ချက်တစ်ရပ်ကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စီးပွားရေးထိခိုက်မှု အများဆုံးဒေသများနှင့် လုပ်ငန်းကဏ္ဍများအတွက် ချေးငွေမဟုတ်ဘဲ အီးယူ၏ ဘတ်ဂျတ်သုံးစွဲမှုတိုးမြှင့်ရန်အတွက် ယာယီရန်ပုံငွေတစ်ရပ်အဖြစ် ယူရို (၅၀၀) ဘီလီယံကို ထူထောင်လိုခြင်းဖြစ်သည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ပြောကြားခဲ့ကြောင်း၊ ဥရောပကော်မရှင်အနေဖြင့် ဘဏ္ဍာရေးဈေးကွက်များထံမှ ငွေချေးယူ၍ ယူရို (၅၀၀)ဘီလီယံ ဘတ်ဂျတ်ကို ဖြည့်တင်းပြီး၊ အီးယူ၏ ဘတ်ဂျတ်မှတစ်ဆင့် အီးယူနိုင်ငံများ၏ အစိုးရများထံသို့ ခွဲဝေပေးသွားနိုင်ရန်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဆိုပါပြန်လည်ထူထောင်ရေးရန်ပုံငွေ အဆိုပြုချက်ကို လာမည့် မေလ (၂၇)ရက်နေ့တွင် တင်ပြသွားရန် စီစဉ်ထားကြောင်း၊ အီးယူနိုင်ငံများ၏ အစိုးရများ အားလုံးကသဘောတူရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဥရောပ၏ ဦးစားပေးအစီအစဉ်များနှင့်အညီ အီးယူဘတ်ဂျတ်အစီအစဉ်များအပေါ် အခြေခံ၍ ထိခိုက်မှုအရှိဆုံးဒေသများနှင့် လုပ်ငန်းကဏ္ဍများအတွက် အီးယူဘတ်ဂျတ်သုံးစွဲမှုကို ၎င်းရန်ပုံငွေဖြင့် ပံ့ပိုးပေးသွားမည်ဖြစ်သည်ဟု ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က ပူးတွဲထုတ်ပြန်ချက်တွင် ရေးသားထားကြောင်း၊ အဆိုပါငွေကြေးများကို အီးယူ၏ အဖွဲ့ဝင်နိုင်ငံများမှ တောင်းဆိုနိုင်သည့် အများဆုံး ပမာဏ (EU’s Own Resources ceiling) ကို တိုးမြှင့်ခြင်းဖြင့် ချေးယူသွားမည်ဖြစ်ပြီး ယင်းကို အာမခံအဖြစ်အသုံးပြသွားမည်ဖြစ်ကြောင်၊ ယင်းအစီအစဉ်တွင် သက်တမ်းကုန်ဆုံးရက်ကို သတ်မှတ် ပေးမည်ဖြစ်ပြီး၊ ၂၀၂၇ ခုနှစ်တွင် ကုန်ဆုံးမည့် အီးယူ၏ ကာလရှည်ဘတ်ဂျတ်အပြီးတွင် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

ရင်းမြစ် -  (Politico)

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

Category: Belgium