Belgium

အီးယူ၏ Farm-to-Fork အစီအစဉ်ကို အကောင်အထည်ဖော်မှု မမှန်ကန်ပါက စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုအပေါ် ထိခိုက်နိုင်သည်ဟု စိုက်ပျိုးရေးဆိုင်ရာ ကော်မရှင်နာ ပြောကြား

Last Updated:

အီးယူ၏ ရေရှည်တည်တံ့သော စားသောက်ကုန်နှင့် စိုက်ပျိုးမှုဆိုင်ရာ မဟာဗျူဟာ (Farm-to-Fork Strategy) ကို အကောင်အထည်ဖော်မှု မမှန်ကန်ခဲ့ပါက အီးယူ၏ စားသောက်ကုန် ထုတ်လုပ်နိုင်မှုအဆင့်ကို လျော့ကျသွားစေ နိုင်သည်ဟု ဥရောပကော်မရှင်၏ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ကော်မရှင်နာဖြစ်သူ Janusz Wojciechowski က ပြောကြားခဲ့ကြောင်း သိရပါသည်။

Farm-to-Fork Strategy ကို နည်းလမ်းမှန်ကန်စွာ အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့လျှင် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုအပိုင်း၌ ဆုံးရှုံးနိုင်ခြေရှိသော်လည်း ယင်းအန္တရာယ်ကို ရှောင်ရှားနိုင်ရေး ဆောင်ရွက်နေကြောင်း POLITICO's Future of Food and Farming Summit 2021 ၏ အင်တာဗျူး၌ ၎င်းကပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သို့သော် အီးယူ၏ စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာအစီအမံသည် စားနပ်ရိက္ခာဖူလုံမှုအပေါ် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိနိုင်သည် ဟူသည့်အချက်သည် မှန်ကန်ခြင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

အီးယူရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် လယ်ယာကဏ္ဍဆိုင်ရာ လှုံ့ဆော်သူများက လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်နိုင်မှုနှင့် လယ်သမားများ၏ဝင်ငွေအပေါ် Farm-to-Fork Strategy အနေဖြင့် မည်သို့သက်ရောက်နိုင်သည်ကို တိတိပပသိရှိရန်အတွက် သိပ္ပံနည်းကျ သက်ရောက်နိုင်ခြေဆန်းစစ်မှု (full impact assessment) လုပ်ဆောင်ရန် တွန်းအားပေးလျက်ရှိကြောင်းလည်း သိရပါသည်။

အဆိုပါ မဟာဗျူဟာတစ်ရပ်လုံးအား ခြုံငုံသုံးသပ်ဆန်းစစ်ခြင်းထက် ယင်းတွင် ပါဝင်သည့် ဥပဒေပိုင်းဆိုင်ရာ အစီအစဉ်တစ်ခုချင်းစီအတွက် သီးခြားသက်ရောက်နိုင်ခြေဆန်းစစ်မှုကို ဥရောပကော်မရှင်က ဆောင်ရွက်သွားမည့်အခြေအနေကို Janusz Wojciechowski က ပြောကြားခဲ့ကြောင်း သိရပါသည်။

European Green Deal ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် Farm-to-Fork Strategy အရ အီးယူ၌ စိုက်ပျိုးရေးဓါတုပစ္စည်းသွင်းအားစုများကို လျှော့ချ၍ အော်ဂဲနစ်စိုက်ပျိုးရေးစနစ် ကြီးထွားလာရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍ၏ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ကြောင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကိုပင် ခြိမ်းခြောက်လာနိုင်သည်ဟု အီးယူအတွင်းနှင့် ပြင်ပနိုင်ငံများ၌ ဝေဖန်မှုများရှိနေကြောင်းလည်း သိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -   (Politico)

Category: Belgium