Belgium

အီးယူ၏ Online Shop အများစု စားသုံးသူအခွင့်အရေးချိုးဖောက်မှုရှိကြောင်း စစ်တမ်းအရ သိရှိရခြင်း

Last Updated:

ဉရောပကော်မရှင်က သုံးသပ်ထားသည့် အွန်လိုင်းလက်ကားဆိုင်အရေအတွက် (၅၀၀) ၏ သုံးပုံနှစ်ပုံခန့်မှာ အခြေခံ စားသုံးသူအခွင့်အရေးများကို လိုက်နာမှုမရှိသည်ကိုတွေ့ရပြီး၊ ယင်းအချိုးအစားမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဉရောပကော်မရှင်၏ Commissioner for Justice ဖြစ်သူ Didier Reynders က ပြောကြားခဲ့ကြောင်း၊ အီးယူ၏ စားသုံးသူကာကွယ်ရေး ဆိုင်ရာ တာဝန်ရှိသည့် အမျိုးသားအာဏာပိုင်များက အဝတ်အထည်၊ ဖိနပ်၊ ပရိဘောဂ၊ အိမ်သုံးပစ္စည်း များနှင့် လျှပ်စစ်ပစ္စည်းများရောင်းချသည့် အွန်လိုင်းအရောင်းဆိုင်အရေအတွက် (၅၀၀) နီးပါးခန့်ကို ကောက်ယူခဲ့သည့် စစ်တမ်းများ၏ရလဒ်အရ ထိုသို့တွေ့ရှိရခြင်းဖြစ်ကြောင်း ဘရပ်ဆဲလ်တိုင်းမ်သတင်းဌာန၏ ၁.၂.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့သည့် သတင်းအရ သိရှိရပါသည်။

ဝယ်ယူသည့်ပစ္စည်းကို (၁၄) ရက်အတွင်း ပြန်ပေးခွင့်ရှိသည့် ဉရောပစားသုံးသူများ၏ အခွင့်အရေးရှိမှုသည် စားသုံးသူ များ၏ ယုံကြည်မှုကိုမြှင့်တင်ပေးကြောင်း၊ လက်လီရောင်းချသူများ သည် ယင်းစားသုံးသူအခွင့်အရေးများကို လိုက်နာ ရန်တာဝန်ရှိကြောင်း၊ အွန်လိုင်းအရောင်းဆိုင် (၃) ခုအနက် (၂) ခုသည် ဉရောပ စားသုံးသူများ၏ အခွင့်အရေးများကို ကောင်းမွန်စွာ အသိပေးခြင်းမရှိသည်မှာ လက်ခံနိုင်ဖွယ်မရှိသည့် အခြေအနေဖြစ်ကြောင်း ဉရောပကော်မရှင်၏ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အကြီးအကဲဖြစ်သူ Reynders ကပြောကြား ခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူအခွင့်အရေး အာမခံပေးမှုဆိုင်ရာ ဉရောပညွှန်ကြားချက် (European Directive) အရ အွန်လိုင်းမှ ဝယ်ယူမှု တစ်ခုပြုရာတွင် ဝယ်ယူမှုကိုပြန်လည်ရုပ်သိမ်းခွင့်နှင့် ပစ္စည်းပေးပို့မှု စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ ထုတ်ကုန် ဆိုင်ရာမှားယွင်းမှုရှိခဲ့လျှင် ဉပဒေကြောင်းအရ အာမခံပေးထားမှုအပေါ် ရှင်းလင်းမှန်ကန်သည့် သတင်းအချက်အလက် အပြည့်အစုံကို စားသုံးသူများက ရရှိရမည်ဖြစ်ကြောင်း၊ သို့ရာတွင် စစ်ဆေးခဲ့သည့် ဝက်ဘ်ဆိုဒ်ပေါင်း (၅၀၀) ၏ လေးပုံ တစ်ပုံကျော်သည် ဝယ်ယူသူမှပစ္စည်းအား ပြန်လည် ပေးအပ်၍ ယင်းအတွက် ပေးချေထားသည့် ငွေပြန်လည်ထုတ်ပေး ခြင်းနှင့် ပတ်သတ်သည့် စားသုံးသူအခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်ကို ပံ့ပိုးပေးထားခြင်းမရှိကြောင်း၊ ဝက်ဘ်ဆိုဒ်များ၏ ထက်ဝက်နီးပါးခန့်သည် ပစ္စည်းပြန်လည်ပေးပို့နိုင်သည့် ရက်ကာလအပိုင်းအခြားနှင့်ပတ်သတ်၍ လုံလောက်သည့်ရှင်းလင်းမှုမရှိကြကြောင်း၊ ဝက်ဘ်ဆိုဒ်များ၏ ငါးပုံတစ်ပုံခန့်တွင် ကနဉီးဖော်ပြထားသည့် ဈေးနှုန်းများမှာ သယ်ယူပို့ဆောင်ခ၊ စာတိုက်ခနှင့် အခြားဖြစ်နိုင်ဖွယ်ရှိသော ကုန်ကျစရိတ်များနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို မဖော်ပြထား သဖြင့် ပြည့်စုံမှုမရှိကြောင်း၊ ထို့အပြင် ကုန်ပစ္စည်းအား သယ်ယူပို့ဆောင်ရာ၌ အပြစ်အနာအဆာ အပျက်အစီးတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ပြန်လည်ပြုပြင်ပေးခြင်း၊ အစားပေးခြင်းနှင့် ငွေပြန်လည် ပေးအပ်ခြင်းတို့အတွက် အနည်းဆုံး(၂) နှစ်အထိ အာမခံရှိသည့် သတင်းအချက်အလက်အား အွန်လိုင်းရောင်းချသည့် ဝက်ဘ်ဆိုဒ်များ၏ သုံးပုံတစ်ပုံကျော်က စားသုံးသူများ ကို အသိပေးထားခြင်းမရှိကြောင်း၊ နောက်ဆုံးအချက်အနေဖြင့် စစ်တမ်းကောက်ယူခဲ့သည့် ဝက်ဘ်ဆိုဒ်များ၏ (၅) ပုံ (၁) ပုံမှာ စားသုံးသူများနေထိုင်ရာနိုင်ငံအတွင်း၌ ပို့ဆောင်ပေးခြင်း မဟုတ်ဘဲ အခြားနိုင်ငံရှိ ကုန်သည်များမှတစ်ဆင့် ကုန်စည်ပို့ဆောင်ပေးသည့် ဝက်ဘ်ဆိုဒ်များမှ ဝယ်ယူခွင့်နှင့် သက်ဆိုင်သည့် Geo-blocking  လုပ်ထုံးလုပ်နည်းကို လေးစားလိုက်နာမှု မရှိသည်ကို တွေ့ရှိရကြောင်း၊ အီးယူနိုင်ငံများ ၏ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် စစ်တမ်းအရတွေ့ရှိရသည့် စည်းကမ်းမလိုက်နာမှုများကို အသေးစိတ် စုံစမ်း စစ်ဆေးသွားမည် ဖြစ်ပြီး၊ အွန်လိုင်းလက်လီရောင်းချသူမျးအနေဖြင့် ၎င်းတို့၏ ဝက်ဘ်ဆိုဒ်များကို မှန်ကန်မှုရှိအောင် ဆောင်ရွက်သွားရေး ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းက ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်-(https://www.brusselstimes.com)

Category: Belgium