Belgium

အီးယူ၏ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြီးအကဲ ရာထူး ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဥရောပကော်မရှင်မှ ထွက်ခွာနိုင်ဖွယ်ရှိခြင်း

Last Updated:

အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ Mr. Phil Hogan သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိနေပြီး၊ ဥရောပကော်မရှင်မှ ထွက်ခွာမည့် အလားအလာရှိနေ ကြောင်း Politico ၏ အင်တာနက် စာမျက်နှာ၌ ၃၀-၅-၂၀၂၀ နေ့စွဲပါ “Phil Hogan mulls leaving Commission for WTO top job” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ အိုင်ယာလန်နိုင်ငံသား Mr. Phil Hogan အနေဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန်စဉ်းစားနေသည်ဟု သိရှိ ရကြောင်း၊ ယခင်ကအီးယူ ကုန်သွယ်ရေးကော်မရှင်နာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဗြိတိန်နိုင်ငံမှ Mr. Peter Mandelson သည်လည်း အဆိုပါ ရာထူး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြောကြားထားကြောင်း၊ စပိန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Ms. Arancha Gonzalez နှင့် နယ်သာလန်နိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး Ms. Sigrid Kaag တို့ကလည်း ယင်းရာထူးနေရာအတွက် စိတ်ဝင်စားမှုရှိနေကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံအစိုးရနှင့်ထိတွေ့ဆက်ဆံမှုအပိုင်းတွင် အတွေ့အကြုံရှိခြင်းနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Robert Lighthizer နှင့် ရင်းနှီးသော ဆက်ဆံရေးရှိခြင်းတို့မှာ Mr. Phil Hogan ၏ အဓိကအားသာချက် ဖြစ်လာနိုင်ကြောင်း၊ အဆိုပါရာထူးနေရာအတွက် အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်လောင်း အဆိုပြုခြင်း ရှိ/မရှိကို ၎င်းအနေဖြင့် အဓိကစောင့်ကြည့်သွားဖွယ် ရှိနေသည် ဟု  Phil Hogan နှင့်နီးစပ်သူများက ပြောကြားကြောင်း၊ ဥရောပကော်မရှင်၏ အကြီးတန်းအရာရှိကြီးဖြစ်သူ Mr. Phil Hogan ထွက်ခွာခဲ့ပါက ကော်မရှင်အတွင်း ရာထူးနေရာအပြောင်းအလဲများပြုလုပ်ရန် လိုအပ်လာနိုင်ပြီး၊ ကုန်သွယ်ရေးကော်မရှင်နာရာထူးအား အိုင်ယာလန်နိုင်ငံထံမှ အီးယူ၏ အခြားနိုင်ငံတစ်နိုင်ငံက လွှဲပြောင်းရယူမည့် အလားအလာရှိနိုင်ကြောင်း အဆိုပါ သတင်းဖော်ပြချက် အရ သိရှိရပါသည်။

 

ရင်းမြစ် - (Politico)

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: Belgium