Belgium

အီးယူ-ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် စတင်အသက်ဝင်

Last Updated:

အီးယူ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (EU-Vietnam Free Trade Agreement) သည် ၁-၈-၂၀၂၀ နေ့မှစတင်၍ အသက်ဝင်အာဏာတည်ခဲ့ပြီး အီးယူမှ ဗီယက်နမ်နိုင်ငံသို့ ပို့ကုန်များသည် အခွန် သက်သာခွင့်များရရှိမည်ဖြစ်ကြောင်းသိရသည်။  ၎င်း FTA စတင်အသက်ဝင်မှုကြောင့် နှစ်ဘက်အကြား ကုန်သွယ်မှုပြုသည့် ကုန်စည်အားလုံး၏ (၉၉) ရာခိုင်နှုန်းအပေါ် အခွန်နှုန်းထားများအား လျှော့ချဖယ်ရှား သွားမည် ဖြစ်ကြောင်း ဥရောပကော်မရှင်အရ သိရသည်။

ယခုသဘောတူညီချက်အရ ဥရောပကုမ္ပဏီများအတွက် ဗီယက်နမ်နိုင်ငံ၌ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူစေမည်ဖြစ်ပြီး၊ အစိုးရကဏ္ဍမှ ဝယ်ယူဖြည့်တင်းရေး (government procurement) စာချုပ်များတွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် အခွင့်အရေးတူညီစွာ ယှဉ်ပြိုင်၍ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။ ယခုသဘောတူညီချက်အား စီးပွားရေးအကျိုးကျေးဇူး များနှင့်အတူ အလုပ်သမားအခွင့်အရေးများ၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပြဌာန်းချက်များမှတစ်ဆင့် ရာသီဥတုဆိုင်ရာပါရီသဘောတူညီချက်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးစသည်တို့အပေါ်အာမခံချက်များနှင့်အတူချိတ်ဆက်၍ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ အီးယူ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်သည် ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးမှုလိုအပ်ချက်များကို အပြည့်အဝထည့်သွင်းစဉ်းစားလျက် ဗီယက်နမ်နိုင်ငံသို့ အီးယူ၏သွင်းကုန်များအပေါ် အခွန်လျှော့ချ ဖယ်ရှားပေးရမည့်အချိန်ကာလအား (၁၀)နှစ်သတ်မှတ်ပေးထားသည်။ သို့ရာတွင်ဆေးဝါးပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများနှင့် စက်ပစ္စည်းများကဲ့သို့သော အီးယူပို့ကုန်များအတွက်မူ သဘောတူညီချက်စတင် အသက်ဝင်ချိန်၌ အခွန်သက်သာခွင့်များ ရရှိခံစားနိုင် မည်ဖြစ်သည်။ လယ်ယာထွက်စားသောက်ကုန်များဖြစ်သည့် အမဲသားနှင့် သံလွင်ဆီကဲ့သို့သော ထုတ်ကုန်များအတွက် (၃) နှစ်အတွင်း အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး၊ နို့ထွက်ပစ္စည်း၊ သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်တို့အတွက် အများဆုံး (၅) နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ခံစားနိုင်မည် ဖြစ်သည်။ တိရစ္ဆာန်နှင့်အပင်ပိုးမွှား ရောဂါကင်းစင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပြဌာန်းချက်များကြောင့် ပိုမိုပွင့်လင်းမြင်သာ၍ မြန်ဆန်သည့်လုပ်ထုံးလုပ်နည်းများမှတစ်ဆင့် အီးယူလုပ်ငန်းများ သည် ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်ခွင့် တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အီးယူ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်တွင် အီးယူ၏ ကားတင်ပို့မှုအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာအတားအဆီးများ ဖယ်ရှားပေးရေးနှင့် ဒိန်ခဲ၊ ဝိုင်စသည့် ဒေသဆိုင်ရာအညွှန်း (Geographical Indications) အဖြစ်အသိအမှတ်ပြုထားသော ဥရောပဒေသထွက် ရိုးရာစားသောက်ကုန်များအား အတုအပပြုလုပ်ခြင်းမှအကာအကွယ်ပေးရေးတို့နှင့်စပ်လျဉ်းသည့် သီးခြားပြဌာန်းချက်များလည်းပါဝင်သည်။ ယင်း ကုန်သွယ်ရေးသဘောတူညီချက်တွင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုအခွင့်အရေးများအပေါ် နှစ်ဘက်ကတိကဝတ်ပြုမှုများကိုလည်း ဖော်ပြထားပြီး၊  အလုပ်သမား၊ သဘာဝပတ်ဝန်းကျင်နှင့် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာမြင့်မားသည့် စံချိန်စံညွှန်းများကိုလည်းချမှတ်ထားကြောင်းသိရသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(International Labour Organization-ILO) ၏ အခြေခံကွန်ဗင်းရှင်း(၈) ခုအား အတည်ပြုရေးနှင့် အကောင်အထည်ဖော်ရေး၊ လေးစားလိုက်နာရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ အခြေခံ အခွင့်အရေးများနှင့်ပတ်သက်၍ ILO ၏ စည်းမျဉ်းများအား ထိရောက်စွာအကောင်အထည်ဖော်ရေး နှင့်မြှင့်တင်အားပေးရေး တို့နှင့် စပ်လျဉ်းသည့် နှစ်ဘက်ကတိကဝတ်ပြုမှုများလည်း ပါဝင်ကြောင်း သိရသည်။

အီးယူ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်အား အီးယူအဖွဲ့ဝင်နိုင်ငံ များ၏ အတည်ပြုချက်နှင့်အတူ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ ဥရောပပါလီမန်က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ယင်းသဘောတူညီချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အီးယူ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် စင်ကာပူနိုင်ငံ၏နောက်တွင် ရပ်တည်နေပြီး၊ ၂၀၁၉ ခုနှစ်တွင် ကုန်စည်ကုန်သွယ်မှုတန်ဖိုး ယူရို (၄၅.၅) ဘီလီယံနှင့် ၂၀၁၈ ခုနှစ်တွင် ဝန်ဆောင်မှုကုန်သွယ်မှုတန်ဖိုး ယူရို (၄) ဘီလီယံ ခန့်ရှိခဲ့ကြောင်းသိရသည်။ အီးယူမှ ဗီယက်နမ်နိုင်ငံသို့ အဓိကပို့ကုန်များမှာ လျှပ်စစ် စက်ပစ္စည်းနှင့် ကိရိယာများ၊ လေယာဉ်များ၊ ယာဉ်ယန္တရားများနှင့် ဆေးဝါးပစ္စည်းများအပါအဝင် အဆင့်မြင့် နည်းပညာထုတ်ကုန်များ ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံမှ အီးယူသို့ အဓိကတင်ပို့သည့် ပို့ကုန်များမှာ လျှပ်စစ် ပစ္စည်းများ၊ ဖိနပ်များ၊ အထည်အလိပ်နှင့် အဝတ်အထည်များ၊ ကော်ဖီ၊ ဆန်၊ ပင်လယ်စာနှင့် ပရိဘောဂများ ဖြစ်ကြပါသည်။ အီးယူသည် ၂၀၁၈ ခုနှစ်တွင် စုစုပေါင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယူရို (၇.၄) ဘီလီယံဖြင့် ဗီယက်နမ်နိုင်ငံ၌ အများဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူများတွင် ပါဝင်ပါသည်။

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (ဥရောပကော်မရှင်၊ Press release၊ ၃၁-၇-၂၀၂၀)

Category: Belgium