Belgium

အီးယူ-ဗြိတိန်ကုန်သွယ်ရေးဆွေးနွေးပွဲများအတွက် အချိန်ကာလသတ်မှတ်ချက်ကို တိုးမြှင့်ရန် လိုအပ်နိုင်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ သတိပေးပြောကြား

Last Updated:

    ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ပြီးသည့်အချိန်တွင် နှစ်ဘက်အကြား ကုန်သွယ်မှုသဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေး ရန် အချိန်ရရှိမှုအကန့်အသတ်ရှိနေသည့်အပေါ် စိုးရိမ်ပူပန်မှုရှိနေသည်ဟု ဥရောပကော်မရှင် အကြီးအကဲဖြစ်သူ Ursula von der Leyen က ပြောကြားခဲ့ကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ နှုတ်ထွက်ရေးသဘောတူညီချက်အရ ဗြိတိန်ခွဲထွက်မှု အလွန် ညှိနှိုင်းဆွေးနွေးမှုများအတွက် အကူးအပြောင်းကာလသတ်မှတ်ချက်မှာ ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ် ပြီး၊ အဆိုပါ သတ်မှတ်ချိန်ကာလအတွင်း ဗြိတိန်နှင့် အီးယူတို့အနေဖြင့် အဓိကကျသော လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် ရေးနှင့် ကုန်သွယ်မှုသဘောတူညီချက်တို့တွင် သဘောတူညီမှုရရှိရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

       အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများကို အချိန်တိုအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ရန် ဖြစ်နိုင်ခြင်း ရှိ/မရှိ ကို မိမိတို့ နှစ်ဘက်စလုံးအနေဖြင့် အလေးအနက်ထား မေးခွန်းထုတ်ရန် လိုအပ်ကြောင်း၊ ယင်းအပေါ်တွင် နှစ်လယ်ပိုင်းသုံးသပ်ချက်ကို ဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်ပါက အကူးအပြောင်းကာလကို ထပ်မံတိုးမြှင့်ရေး သဘောတူညီမှုရယူရန် လိုအပ်မည်ဟု ထင်မြင်ကြောင်း ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen က ပြောကြားခဲ့ပါသည်။ နှစ်ဘက်ညှိနှိုင်းဆွေးနွေးရမည့် ကိစ္စ ရပ်များသည် အများအပြားရှိနေပြီး၊ ကုန်သွယ်မှုမူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်သာမကဘဲ လုံခြုံရေးဆိုင်ရာကိစ္စရပ်များလည်း ပါဝင်နေ ကြာင်း၊ ထို့ကြောင့် သဘောတူညီမှုမရဘဲ ခက်ခဲသော ဗြိတိန်ခွဲထွက်မှု (hard Brexit) ဖြစ်ပေါ်ခဲ့လျင် မည်သည့်ကိစ္စရပ်များ၌ အကြီးမားဆုံးထိခိုက်နိုင်ဖွယ်ရှိသည်ကို မိမိတို့အနေဖြင့် စတင်ဆွေးနွေးလိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည် ကို သိရှိရပါသည်။

      ဗြိတိန်ခွဲထွက်မှုသဘောတူညီချက်အရ ဗြိတိန်နိုင်ငံအနေဖြင့် သက်တမ်းတိုးကာလကို တစ်နှစ် (သို့မဟုတ်) နှစ်နှစ် အထိ တောင်းဆိုနိုင်ကြောင်း၊ သို့ရာတွင် ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyenက ညှိနှိုင်းဆွေးနွေးမှုအတွက် သတ်မှတ် ချိန်ကာလမှာ အလွန်အမင်း တိုတောင်းသည်ဟု သတိပေးပြောကြားထားသော်လည်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် က ၎င်းအနေဖြင့် အချိန်တိုးမြှင့်ပေးရန် တောင်းဆိုမည်မဟုတ်ကြောင်းကို ကတိပြုထားကြောင်း neweurope ၏ ၃၀.၁၂.၂၀၁၉ နေ့တွင် သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

Category: Belgium