Australia

ဩစတြေးလျ Red Meat ထုတ်လုပ်မှုကဏ္ဍ တိုးတက်လာနိုင်ဖွယ်ရှိခြင်း

Last Updated:

ဩစတြေးလျ Red Meat ထုတ်လုပ်မှုကဏ္ဍတွင်  ဝယ်လိုအားတိုးတက်မှုမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး၊ ကြပ်တည်းသော ရောင်းလိုအားဖြစ်ပေါ်လက်ရှိကြောင်း သိရှိ ရပါသည်။ Meat & Livestock Australia (MLA) ၏ပြောကြားချက်အရ ဩစတြေးလျ Red Meat လုပ်ငန်းကဏ္ဍအတွက် ရှေ့အလားအလာမှာ များစွာကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။

ဩစတြေးလျနိုင်ငံသည် Red Meat ထုတ်လုပ်မှု၏ ၇၀% ခန့်ကို တင်ပို့လျက်ရှိပြီး၊ ဘေးကင်းလုံခြုံမှု၊သန့်ရှင်းမှုနှင့် ပရိုတိန်းကြွယ်ဝမှုတို့ကြောင့်အနာဂတ်တွင် ရောင်းအားကျဆင်းသွားနိုင်ဖွယ် မရှိကြောင်း ခန့်မှန်းထားပါသည်။ ဩစတြေးလျ Red Meat ဈေးကွက်မှာ ဩစတြေးလျဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးခန့်ရှိပြီး၊ ပြည်တွင်း ဈေးကွက်မှာလည်း သိသာထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ဩစတြေးလျ Red Meat မှာ အရည်အသွေးမြင့်မားမှုနှင့် ပရိုတိန်း ကြွယ်ဝမှုတို့ကြောင့် လူကြိုက်များလျက်ရှိပါသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း သိုးအရှင်တင်ပို့မှုမှာ ဩစတြေးလျ ဒေါ်လာ ၁၅၄ သန်းသို့ရောက်ရှိခဲ့ပြီး၊ ထုတ်ပိုးထား သော အေးခဲသိုးသားတင်ပို့မှုနှင့် သိုးအရှင်တင်ပို့မှု စုစုပေါင်းမှာ ဩစတြေးလျ ဒေါ်လာ ၄ ဘီလီယံကျော်သို့ ရောက်ရှိခဲ့ပါသည်။

ဩစတြေးလျ Red Meat ကဏ္ဍအတွက် အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ ဩစတြေးလျ- ဗြိတိန် လွတ်လပ်သောကုန်သွယ်မှုဒေသသဘောတူစာချုပ်ဖြစ်မည်ဖြစ် ကြောင်း၊ လာမည့်နှစ်အတွင်း အဆိုပါ သဘောတူစာချုပ် စတင်သက်ဝင်သည်နှင့် လုပ်ငန်းကဏ္ဍအတွက် များစွာသော ပြောင်းလဲတိုးတက်မှု ရရှိနိုင်မည်ဖြစ်ကြောင်း၊ တင်ပို့မှုမှာ ချက်ခြင်းမြင့်တက်သွားနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အရှေ့ပိုင်းပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမဲသားနှင့် သိုးထောက်ပံ့မှုတွင် ကြပ်တည်းခဲ့သည်ကို တွေ့ခဲ့ရသော် လည်း မိုးခေါင်မှုလျော့နည်းလာသည်နှင့်အမျှ ပြောင်းလဲလာမည်ဖြစ်ပြီး၊ အရှေ့ပိုင်းပြည်နယ်များတွင် သိုးအုပ်စုဆောင်းမှု မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။ အလားတူစွာ နွားအုပ်စုဆောင်းမှုလည်း တိုးတက်လာနိုင်သည့်အတွက် နောက်နှစ်အနည်းငယ်အတွင်း လုပ်ငန်းကဏ္ဍ ပိုမိုတိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားပါ သည်။

ဂျပန်နိုင်ငံသည် ဩစတြေးလျအမဲသား တင်ပို့မှု၏ ၂၇% ကို ဆက်တိုက်တင်သွင်းလျက်ရှိပါသည်။ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုက တရုတ်နိုင်ငံရှိ ဝက် အများအပြား သေကြေပျက်ဆီးမှုဖြစ်ပေါ်စေခဲ့ရာ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်ဈေးကွက်မှ ပရိုတိန်းအစားထိုးအသားများကို ရှာဖွေခြင်းဖြင့် ဩစတြေးလျ Red Meat ဝယ်လိုအား အားကောင်းလာခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဝယ်လိုအားမှာ နှေးကွေးနေသော်လည်း ဩစတြေးလျအတွက် ထင်ရှားသော ဈေးကွက် အဖြစ် ဆက်လက်ရပ်တည်ဆဲဖြစ်ကာ ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ကလည်း အဓိကတင်သွင်းသူများအဖြစ် ရပ်တည်လျက်ရှိပါသည်။ သိုးသားအတွက် တရုတ်နှင့် အမေရိကန်တို့က ခိုင်မာသော တင်သွင်းမှုဈေးကွက်များဖြစ်ကြပါသည်။ အမေရိကန်နိုင်ငံသည် သိုးသားထုတ်လုပ်လျက်ရှိသော်လည်း သိုးသားတင်သွင်းမှုတွင် ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့က အဓိကနေရာယူထားပါသည်။ သို့သော်လည်း ကုန်စည်များကို သင်္ဘောဖြင့်တင်ပို့ရာတွင် စိန်ခေါ်မှုများစွာရှိနေပြီး၊ လေကြောင်း ဖြင့် တင်ပို့မှုမှာလည်း ကျဆင်းလျက်ရှိပါသည်။

သြစတြေးလျသည် အေးခဲအမဲသားကို ဒုတိယအကြီးဆုံး တင်ပို့သည့်နိုင်ငံဖြစ်ပြီး၊ အေးခဲသိုးသားကို အများဆုံးတင်ပို့လျက်ရှိနေရာ လေကြောင်းကုန်စည်ပို့ဆောင်ရေး ကို မှီခိုနေရသည့်အတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရလျက်ရှိပါသည်။ လေကြောင်းကုန်စည်ပို့ဆောင်မှုများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါက ဩစတြေးလျ Red Meat အတွက် ခိုင်မာသော ကမ္ဘာ့ဝယ်လိုအားကို ရရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.farmweekly.com.au

Category: Australia