Australia

ဩစတြေးလျဝန်ဆောင်မှုတင်ပို့သူများအတွက် ကြိုးနီစနစ်ဖြေလျှော့ခြင်း

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် သဘောတူညီထားသည့် စည်းမျဉ်းအသစ်များသည် သြစတြေးလျ ဝန်ဆောင်မှုတင်ပို့သူများအတွက် ကြိုးနီစနစ်နှင့် စည်းမျဉ်း စည်းကမ်း ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး၊ သြစတြေးလျစီးပွားရေးလုပ်ငန်းများ ကမ္ဘာသို့ တင်ပို့ရာတွင် ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံ၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ၃-၁၂-၂၀၂၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Dan Tehan သည် ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုကုန်သွယ်ရေး၏ ၉၀% ကျော်ကို ကိုယ်စားပြုသည့် EU အဖွဲ့ဝင် ၂၇ နိုင်ငံအပါအဝင် WTO အဖွဲ့ဝင် ၆၇ နိုင်ငံတို့ပါဝင်သည့် သဘောတူညီချက်ကို  ကြိုဆိုခဲ့ကြသည်။ Mr Tehan က သြစတြေးလျဝန်ဆောင်မှု တင်ပို့ရောင်းချသူ တွေအတွက် တကယ့်အောင်ပွဲဖြစ်ပါကြောင်း၊ ပြည်ပဈေးကွက်များတွင် ရှုပ်ထွေးပြီး ကုန်ကျစရိတ်များသော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ ခြင်းဖြင့် ကြိုးနီစနစ်ကို ဖြတ်တောက်ရန် သဘောတူထားပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဝန်ဆောင်မှုသည် သြစတြေးလျစီးပွားရေးတွင် အလျင်မြန်ဆုံးတိုးတက်လျက်ရှိပြီး၊ အတက်ကြွဆုံးကဏ္ဍဖြစ်ပါကြောင်း၊ ချမှတ်ထားသော စည်းမျဉ်းများသည် သြစတြေး လျဝန်ဆောင်မှု တင်ပို့ရောင်းချသူများအနေဖြင့် အခြားသောစျေးကွက်များတွင် လုပ်ငန်းလည်ပတ်ရာ၌ တွေ့ကြုံရသည့် လက်တွေ့ကျသော စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၁၂ ကြိမ်မြောက် WTO ဝန်ကြီးအဆင့် ညီလာခံကို ရွှေ့ဆိုင်းခြင်းသည် ယာယီနှောင့်နှေးမှုဖြစ်သော်လည်း ညီလာခံသည် ဆုံးဖြတ်ချက်ကို ခိုင်မာစေရမည်ဖြစ်ပြီး၊ ဝန်ဆောင်မှု ပြည်တွင်းစည်းမျဉ်းဆိုင်ရာ ပူးတွဲထုတ်ပြန်ချက် (Joint Statement Initiative) အပေါ် သုံးသပ်ချက်မှာ တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် အောင်မြင်နိုင်သည်ကို ပြသခြင်းဖြစ်ပါကြောင်း၊  ဩစတေးလျ၊ ကိုစတာရီကာနှင့် အီးယူတို့က ဦးဆောင်သည့် အဆိုပါ Initiative သည် လေးနှစ်ကြာ အလုပ်ကြိုးစားမှု၏ အထွတ်အထိပ်ဖြစ်ပြီး WTO အဖွဲ့ဝင်များအားလုံးအတွက် ဖွင့်လှစ်ပေးထားပြီး၊ မပါဝင်ရသေးသည့်နိုင်ငံများကိုပါဝင်ရန် တိုက်တွန်းဖိတ်ခေါ်ပါကြောင်း ဝန်ကြီးက ထုတ်ဖော်ပြောကြားထားပါသည်။

OECD-WTO ၏ပူးတွဲလေ့လာ တွက်ချက်မှုတစ်ခုအရ အဆိုပါစည်းမျဉ်းများကို အကောင် အထည်ဖော်ခြင်းဖြင့် နှစ်စဉ်ကုန်သွယ်မှုကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံအထိ သက်သာစေနိုင်သည်ဟု သိရှိရပါသည်။ ယနေ့သဘောတူလက်ခံလိုက်သည့် ဝန်ဆောင်မှု ပြည်တွင်းစည်းမျဉ်းဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှု သုံးသပ်ချက်အပေါ် ကြေညာချက်ကို https://www.wto.org/ တွင် ကြည့်ရှုနိုင်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Category: Australia