Belgium

၂၀၂၀၊ ဒုတိယသုံးလပတ်တွင် ယူရိုဇုန်၏ ဂျီဒီပီ ၁၂.၁ ရာခိုင်နှုန်းဖြင့် စံချိန်တင်ကျဆင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ချက်အရ ဒုတိယသုံးလပတ်တွင် ယူရိုဇုန်၏ စီးပွားရေး ၁၂.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ယူရိုဇုန်၏ကနဦးစာရင်းအင်းများအရ သိရသည်။  ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တင်းကျပ်သော အသွားအလာကန့်သတ်မှုများ ချမှတ်ခဲ့ရသဖြင့် အဆိုပါကာလအတွင်း ယူရိုဇုန်၏ စီးပွားရေးသည် ဂဏန်း(၂) လုံး (two-digits) ဖြင့် ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ယူရိုဇုန်နိုင်ငံများအနက် ဂျာမနီနိုင်ငံ၏ ဂျီဒီပီမှာ ၁၀.၁ ရာခိုင်နှုန်း၊ အီတလီနိုင်ငံသည် ၁၂.၄ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံသည် ၁၃.၈ ရာခိုင်နှုန်းနှင့် စပိန်နိုင်ငံသည် ၁၈.၅ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး ကျဆင်းခဲ့ကြောင်းသိရသည်။ ပထမသုံးလပတ်အတွင်း၌ ယူရိုဇုန်၏ ဂျီဒီပီသည် ၃.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ စပိန်၊ အီတလီနှင့် ပြင်သစ်နိုင်ငံတို့၏ ဂျီဒီပီမှာ ၅ ရာခိုင်နှုန်းကျော်ဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယူရိုဇုန်၏စီးပွားရေးဆိုင်ရာ နောက်ဆုံးရစာရင်းဇယားများသည် ဥရောပနိုင်ငံများ၏ အစိုးရများက တင်းကျပ်သောအသွားအလာကန့်သတ်ထားမှုများကို တဖြည်းဖြည်းချင်းဖြေလျှော့ခဲ့သည့် ကာလဖြစ်သော ဧပြီလမှ ဇွန်လ အတွင်း စီးပွားရေးလုပ်ငန်းများကို အခြေခံထားခြင်းဖြစ်သည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ဥရောပနိုင်ငံအချို့တွင် COVID-19 ရောဂါကူးစက်မှုများ မြင့်တက်လာမှုနှင့်အတူ ယူရိုဇုန်၏ စီးပွားရေးတွင် မသေချာ မရေရာမှုများစွာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။  Eurostat ၏စာရင်းများအရ ၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်ကာလအတွင်း အီးယူ၏ GDP မှာလည်း ၁၁.၉ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်အတွက် ယူရိုဒေသ၏ GDP မှာ ၈.၇ ရာခိုင်နှုန်းဖြင့် ကျဆင်းမည်ဟု ဥရောပ ဗဟိုဘဏ်က ပြီးခဲ့သည့် ဇွန်လတွင် ခန့်မှန်းထားခဲ့သည်။ ယခုနှစ်၏ ပထမ(၆) လတာကာလနှင့် နှိုင်းယှဉ်ပါက တတိယသုံးလပတ်တွင် စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများ  သိသိသာသာပြန်တက် လာနိုင်မည်ဟု ယင်းကမျှော်လင့်ထားသည်။  ဥရောပ၏ စာရင်းအင်းအေဂျင်စီ Eurostat အရ ၂၀၂၀၊ ဇူလိုင်လတွင် ယူရိုဇုန်၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၀.၄ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ဇွန်လနှုန်းထား ၀.၃ ရာခိုင်နှုန်းထက် တက်လာခဲ့ကြောင်းသိရသည်။ ယူရိုဇုန်နိုင်ငံများ၏ အစိုးရများအနေဖြင့် ယခင် ဆောင်ရွက်ခဲ့သကဲ့သို့  ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို အလုံးစုံပိတ်သိမ်းထားခြင်းကို ပြုလုပ် မည်မဟုတ်ကြောင်း၊ ကြီးမားသည့်ရောဂါကူးစက်ပျံ့နှံ့မှုကို ရှောင်လွှဲနိုင်ရန်အတွက် လူစုလူဝေး ပြုလုပ်ခြင်းနှင့် social distancing နှင့်ပတ်သက်သည့် တင်းကျပ်သော ထပ်ဆောင်းစည်းမျဉ်း စည်းကမ်းများကို ပြဌာန်းသွားရန်အတွက် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (CNBC၊ Eurostat၊ ၃၁-၇-၂၀၂၀)

Category: Belgium