Brazil

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်မှု၌ ဆန်ကဏ္ဍတွင် အပေါင်းလက္ခဏာပြခဲ့

Last Updated:

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်မှု၌ ဆန်ကဏ္ဍတွင် ကုန်သွယ်မှုပိုငွေများရရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် ဘရာဇီးလ်ဆန်လုပ် ငန်းရှင်များအသင်း (Brazilian Association of the Rice Industry - Abiarroz) ၏သတင်းတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ဆန်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆၃.၂ သန်းရှိခဲ့ပြီး ဆန်သွင်းကုန် အမေရိကန်ဒေါ်လာ ၃၁၆.၈ သန်းအား တင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၄၆.၄ သန်းရရှိခဲ့ကြောင်း၊ ဆန်တင်ပို့မှုပမာဏစုစုပေါင်း တန်ချိန် ၁.၁၅၃ သန်းရှိခဲ့ပြီး ဆန်တန်ချိန် ၁ သန်းအား ပြည်ပနိုင်ငံများမှ တင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုတွင် ဆန်တန်ချိန် ၁၄၉,၀၀၀ တန်အား အသာစီးရခဲ့ကြောင်း အသင်းကပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါပမာဏသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုမြင့်မားနေချိန်တွင် ကမ္ဘာ့ဆန်ဝယ်လိုအားများ မြင့်တက်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကာလကတင်ပို့ခဲသော ဆန်တန်ချိန် ၁.၈၁၃ သန်း အောက်သို့ လျှော့ကျခဲ့ကြောင်း ဆန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် ၂၀၂၁ ခုနှစ်၌ ဆန်ပို့ကုန်ဝင်ငွေတွင် တိုးတက်ရရှိခဲ့သော်လည်း တင်ပို့မှုပမာဏသည် ၂၀၁၉ ခုနှစ်က တင်ပို့ခဲ့သည့်ပမာဏ အောက် ၂၀ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်ကတင်ပို့ခဲ့သည့်ပမာဏအောက် ၃၆ ရာခိုင်နှုန်း အသီးသီးလျှော့နည်းခဲ့ကြောင်း ဆန်လုပ်ငန်းရှင်များအသင်းမှ ပို့ကုန်မန်နေဂျာ Carolina Telles Matos က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဆန်တင်ပို့မှုတွင် ကွန်တိန်နာရရှိမှုအခက်အခဲများ အဓိကကြုံတွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ဆန်တင်ပို့မှုအဆင်ပြေစေရေးအတွက် ဆန်အလေးချိန် ၂,၀၀၀ ကီလိုဂရမ်ဝင်ဆန့်သည့် ပလပ်စတစ်အိတ်ကြီးများကို တီထွင်ဆန်းသစ်အသုံးပြု၍ ပြည်ပသို့ ဆန်တင်ပို့နိုင်ခဲ့သဖြင့် ကွန်တိန်နာအခက်အခဲဖြစ်ပေါ်မှုကို ကျော်လွှားနိုင်ခဲ့ ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ကွန်တိန်နာအခက်အခဲဖြစ်ပေါ်မှုသည် ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်း  Carolina က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အမေရိကန်ငွေကြေးတန်ဖိုးခိုင်မာမှုရှိနေနိုင်ပြီး ကမ္ဘာ့ဆန်ဈေးကွက်လည်း ဆက်လက်ကောင်းမွန်နိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှပီရူး နိုင်ငံသို့ ဆန်အများဆုံး တင်ပို့ခဲ့ပြီး ဗင်နီးဇွဲလားနိုင်ငံသို့ ဒုတိယအများဆုံးတင်ပို့ခဲ့ကြောင်း၊ ထို့အပြင် ဘရာဇီးလ်နိုင်ငံ၏ ဆန်ပို့ကုန်ဈေးကွက်များဖြစ်သည့် ဟော်လန်၊ ဆီနီဂေါ၊ ဂမ်ဘီယာ၊ ကျူးဘား၊ ကော်စတာရီကာ၊ အမေရိကန်၊ ဆီယာလီယွန်၊ နီကာရာဂွေးနှင့် မက္ကဆီကိုနိုင်ငံတို့သို့လည်း ဆန်များတင်ပို့ခဲ့ကြောင်း ဆန်လုပ်ငန်းရှင် များအသင်း (Abiarroz) က ပြောကြားခဲ့သည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil