Australia

၂၀၂၂ ခုနှစ်တွင် ဩစတြေးလျခရီးသွားလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖော်ထုတ်ခြင်း

Last Updated:

ဩစေတြးလျနိုင်ငံ၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝန်ကြီး Dan Tehan က သြစတြေးလျနိုင်ငံ၏ ထိပ်တန်း ခရီးသွားလုပ်ငန်း အစီအစဉ်ကို ဆစ်ဒနီမြို့ရှိ နိုင်ငံတကာကွန်ဗန်းရှင်းစင်တာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ၈-၁၂-၂၀၂၁ ရက်နေ့က ကြေညာလိုက်ပါသည်။ 

ပြည်တွင်းခရီးသွားလုပ်ငန်းသည် ခိုင်မာစွာ ပြန်လည်ဦးမော့လာနေပြီး၊ လုပ်ငန်းလည်ပတ်သူများအတွက် ပြီးပြည့်စုံသော အစီအစဉ်အသစ်များနှင့် စိတ်လှုပ်ရှားဖွယ်ရာ စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေနိုင်ရန် သြစတြေးလျခရီးသွားလုပ်ငန်းဖလှယ်မှု (The Australian Tourism Exchange -ATE)  အစီအစဉ်ကို ၂၀၂၂ ခုနှစ်တွင် ဆစ်ဒနီမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။  သြစတြေးလျ၏ အကြီးဆုံးကုန်သွယ်မှုအစီအစဉ်ဖြစ်သည့် ATE သည် နိုင်ငံတစ်ဝှမ်းရှိ ခရီးသွားလုပ်ငန်းရှင်များကို သြစတြေးလျနှင့် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများနှင့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး စီးပွားရေးလုပ်ကိုင်ရန် အခွင့်အရေးများ ကို ဖန်တီးပေးမည်ဖြစ်ပါသည်။

ယခုနှစ် ATE ၏ အောင်မြင်မှုရရှိပြီးနောက်၊ အစီအစဉ်အား ပေါင်းစပ်ပုံစံ (Hybrid) ဖြင့် ထပ်မံကျင်းပမည် ဖြစ်သည်။ ဆစ်ဒနီမြို့တွင် လူကိုယ်တိုင် တက်ရောက်နိုင်သည့် အစီအစဉ်ကို လာမည့်နှစ် မေလ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ ကိုယ်စားလှယ် ၁၇၀၀ ခန့် ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားပါသည်။ အဆိုပါ အစီအစဉ်သည် ပြည်တွင်းစီးပွားရေးအတွက် ဒေါ်လာသန်းနှင့်ချီ၍ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

ဝန်ကြီးက ဩစတြေးလျသည် ကိုဗစ်ကပ်ရောဂါမှ ပြန်လည်ကောင်းမွန်လာမှုနှင့် ခရီးသွားလာရေးဝယ်လိုအားများ တက်လာသောကြောင့် ATE သည် စီးပွားရေးအတွက် အကောင်းဆုံးအခွင့်အရေးဖြစ်လာမည်ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းကို လိုက်နာသည်နှင့်အမျှ ၂၀၂၂ ခုနှစ်တွင် ကိုဗစ်မှ ပြန်လည်ကောင်းမွန်လာမှုသည် ဆက်လက် တည်ရှိနေသောကြောင့် နိုင်ငံသားများ အနာဂတ်အတွက် ယုံကြည်စိတ်ချနိုင်ပါကြောင်းနှင့် နိုင်ငံသားများ အထူးသဖြင့် ခရီးသွားလုပ်ငန်းများအတွက် အထူးအခွင့်အရေး ရရှိမည့် နှစ်တစ်နှစ်ဖြစ်ပါကြောင်း၊ ATE ၏ ရေရှည် အကျိုးခံစားခွင့်များသည် များပြားလှပါကြောင်း၊ ယင်းတည်ထောင်ထားသည့်  ဆက်ဆံရေးနှင့် အနာဂတ်စီးပွားရေး သည် COVID-19 မတိုင်မီ နှစ်စဉ်ဒေါ်လာ ၄၅ ဘီလီယံ တန်ဖိုးရှိသော သြစတြေးလျ၏ ပြည်တွင်းခရီးသွားလုပ်ငန်းကို ကြီးထွားအောင် ကူညီပေးနိုင်ပြီး၊ နိုင်ငံအနှံ့ အလုပ်အကိုင်များ ဖန်တီးပေးမည်နိုင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

နယူးဆောက်ဝေးလ်ပြည်နယ်၊ အလုပ်အကိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် အနောက်ဆစ်ဒနီ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးတို့က အာရှ၊ ပစိဖိတ် ဒေသ၏ ခရီးသွားစီးပွားရေးကို ထောက်ပံ့နိုင်မည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၏ ခရီးသွားစီးပွားရေးအတွက် လွန်စွာအရေးပါသည့် အဆိုပါအစီအစဉ်ကို လက်ခံကျင်းပရန် စိတ်လှုပ်ရှားပါကြောင်း ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.trademinister.gov.au

Category: Australia