Belgium

Brexit အကူးအပြောင်းကာလ မပြီးဆုံးမီ ကုန်ပစ္စည်းများအား စုဆောင်းထားရှိရန် ဆေးဝါးကုမ္ပဏီများအား ဗြိတိန်အစိုးရတိုက်တွန်း

Last Updated:

ဗြိတိန်နိုင်ငံသည် အီးယူ၏ ဘုံဈေးကွက်နှင့် အကောက်ခွန်သမဂ္ဂမှ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထွက်ခွာနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိရာ သွင်းကုန်အပိုင်း တွင် နှောင့်နှေးမှုရှိလာခဲ့ပါက အဆင်ပြေစေရန်အတွက် သီတင်းပတ် () ပတ်စာ ဆေးဝါးကုန်စည်များကို အရန်အဖြစ် စုဆောင်းထားရှိရန် ဗြိတိန်အစိုးရက ဆေးဝါး ကုမ္ပဏီများအား တိုက်တွန်းထားကြောင်း သိရသည်။ ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်သည် COVID-19 ကပ်ရောဂါကြောင့် ဖိအားများရှိနေသဖြင့် အရေးပေါ် အစီအမံများ၏ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ဆေးဝါးကုမ္ပဏီများအား ကုန်ပစ္စည်းများကိုအရန် စုဆောင်းထားရှိရန် တိုက်တွန်းထားခြင်းဖြစ်သည်ဟု ဗြိတိန်၏ ကျန်းမာရေးဝန်ကြီး ဌာနက ဆေးဝါး ကုမ္ပဏီများသို့ ပေးပို့သည့် အကြောင်းကြားစာတွင်ဖော်ပြထားကြောင်း သိရသည်။

ဗြိတိန်နိုင်ငံနှင့် အီးယူတို့သည် ဗြိတိန်ခွဲထွက်မှုအလွန်ကာလအတွက် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်အား ညှိနှိုင်းဆွေးနွေးနေပြီး၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့်သတ်မှတ်ရက်မတိုင်မီ သဘောတူညီမှုရရှိနိုင်ခြင်း ရှိ/ မရှိ ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရသေးသည့် အခြေအနေဖြစ်သည်။ လက်ရှိဖြစ်ပွား နေဆဲ ကပ်ရောဂါအခြေအနေ၊ ဗြိတိန်နိုင်ငံ၏ အမျိုးသားကျန်းမာရေးဌာန (National Health Service-NHS) လုပ်ငန်းရပ်များအား တဖြည်းဖြည်းချင်း ပြန်လည် ဆောင်ရွက်နေမှုနှင့် ဆောင်းရာသီတွင် ရာသီတုပ်ကွေးဖြစ်ပွားမှုကဲ့သို့သော ဖိအားများရှိလာနိုင်မှုတို့ကြောင့် Brexit အကူးအပြောင်းကာလမကုန်ဆုံးမီ ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ အကြောင်းကြားစာကဆိုသည်။

လူနာများအား ဆေးဝါးကုသစောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ဆေးဝါးကုမ္ပဏီများအနေဖြင့် နှောင့်နှေးနိုင်ဖွယ်ရှိသည့် ကုန်စည်သယ်ယူပို့ဆောင်မှု လမ်းကြောင်းများကို ရှောင်လွှဲနိုင်စေရန် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ထောက်ပံ့သယ်ယူပို့ဆောင်ရေးအစီအစဉ်များကို ပြန်လည် သုံးသပ်ရန် ဗြိတိန်အစိုးရကတိုက်တွန်းထားကြောင်း သိရသည်။ ဆေးဝါးကုမ္ပဏီများ၏ ကြိုတင်ပြင်ဆင်မှု အစီအမံများနှင့်ပတ်သက်၍ လိုအပ်သလို အကူအညီပေးသွား ရန် အဆင်သင့်ရှိသည်ဟု ဗြိတိန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်းလည်း သိရသည်

(မြန်မာစီးပွားရေးသံမှူး၊   ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -  (Euractiv)

 

Category: Belgium