Belgium

COVID-19 ကပ်ရောဂါကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်သည့် ဟင်းခတ်အမွှေးအကြိုင်များ ဝယ်လိုအား မြင့်တက်လာခြင်း

Last Updated:

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် စားသုံးသူများအား ၎င်းတို့၏ ကိုယ်ခံစွမ်းအား ကိုအထောက်အကူပြုသည့် အစားအစာနှင့် သောက်သုံးဖွယ်များကို ပိုမိုဝယ်ယူရန် လှုံ့ဆော်ပေးကြောင်း၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ၊ သံဓါတ်(Zinc)၊ ပရိုဘိုင်အောတစ် (probiotics)၊ အာဟာရဓါတ်အပြင် ကျန်းမာရေးအကျိုးကျေးဇူးရရှိနိုင်သောအစားအစာများ (functional foods) သည် အစား အသောက်များထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး၊ ဂျင်း၊ နနွင်း၊ ကြက်သွန်ဖြူစသည့် ကျန်းမာရေး အကျိုးကျေးဇူးရှိသော ဟင်းခတ်အမွှေးအကြိုင်များ ဝယ်လိုအား မြင့်တက်နေကြောင်း သိရပါသည်။

ဥရောပရှိ စားသုံးသူများ၏ (၄၅) ရာခိုင်နှုန်းသည် COVID-19 ကြောင့် ၎င်းတို့၏ အစားအသောက်များတွင် အာဟာရဓါတ်များကို ပိုမိုထည့်သွင်းလိုကြသည်ကိုတွေ့ရှိရကြောင်း၊ COVID-19 ကပ်ရောဂါဖြစ်ပွားချိန်မှစတင်၍ စားသုံးသူများ၏ (၂၉) ရာခိုင်နှုန်းက ကိုယ်ခံအားစနစ် အထောက်အကူပြုသည့် အစားအသောက်များကို ပိုမိုစိတ်ဝင်စားလာသည်ကို တွေ့ရကြောင်း၊ ဗီတာမင်စီနှင့် သံဓါတ်စသည်တို့အပြင် ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးဘက်ဝင်အပင်များ အပါအဝင် သဘာဝ ပါဝင်ပစ္စည်းများကို စားသုံးသူများက ပိုမိုရှာဖွေလာကြကြောင်း သိရပါသည်။

ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးဘက်ဝင်အပင်များအား ရုက္ခဗေဒဆိုင်ရာဆေးဘက်ဝင် ပစ္စည်းများ (Botanicals) ဟုခေါ်ဆိုကြောင်း၊ ဗြိတိန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူများ၏ (၅၁)ရာခိုင်နှုန်းက Botanicals ပစ္စည်းများသည် ဆေးဘက်ဝင်အကျိုးကျေးဇူးများရှိသည်ဟု သဘောတူထားပြီး၊စပိန် နိုင်ငံရှိ စားသုံးသူများ၏ (၁၇) ရာခိုင်နှုန်းသည် ကပ်ရောဂါဖြစ်ပွားပြီးနောက် ဆေးဘက်ဝင်အပင်ပစ္စည်းများအား လေ့လာရန် ပိုမိုစိတ်ပါဝင်စားလာသည်ကို ပြသကြကြောင်း သိရပါသည်။

ဟင်းခတ်အမွှေးအကြိုင်များ ဝယ်လိုအားမြင့်တက်လာရာတွင် ဂျင်း၊ နနွင်းနှင့် ကြက်သွန်ဖြူ တို့က ဉီးဆောင်နေပြီး၊ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၀ ခုနှစ်တွင် ၎င်းကုန်စည်များ တင်သွင်းမှု သိသာစွာတိုးလာခဲ့ကြောင်းသိရပါသည်။ ဥပမာအားဖြင့် ဥရောပ၌ အဆိုပါထုတ်ကုန်များကို အများဆုံးတင်သွင်းသည့် နယ်သာလန်နိုင်ငံ၏ ၂၀၂၀ ခုနှစ် ဂျင်းတင်သွင်းမှုသည် ယူရို (၁၂၅) သန်း ရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် တင်သွင်းမှုပိုများခဲ့ကြောင်း၊ အလားတူ နနွင်းနှင့်ကြက်သွန်ဖြူ တင်သွင်းမှုသည် သိသိသာသာ တိုးလာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်စာရင်းဇယားများအရ တင်သွင်းမှု ဆက်လက်တိုးတက်မည်ဖြစ်ကြောင်း သိရပါသည်။

ပုံမှန်အားဖြင့် နနွင်းနှင့် ဂျင်းကဲ့သို့သော ဟင်းခတ်အမွှေးအကြိုင်များသည် တင်ပို့ခြင်းမပြုမီ အခြောက်ခံခြင်းနှင့် လှီးဖြတ်ခြင်းစသည့် ရိုးရှင်းသော လုပ်ငန်းစဉ်များကိုသာ ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း ယခုအခါ ကုမ္ပဏီများသည် အခြားသောနည်းများဖြင့် အသုံးပြုလာကြကြောင်း၊ ဥပမာအားဖြင့် Curcumin သည် နနွင်းမှ ထုတ်ယူခြင်းဖြစ်ပြီး၊ စားသုံးသူများသည် ယင်းကို ဆေးဘက်ဝင်ဖြည့်စွက်စာအဖြစ် သုံးစွဲကြခြင်းဖြစ်ကြောင်း၊ Curcumin ထုတ်ယူခြင်းနှင့် ဓါတ်ခွဲခြင်းအပိုင်းတွင် ရင်းနှီးမြှုပ်နှံပြီးနောက် အိန္ဒိယနိုင်ငံသည် ယခုအခါ ကမ္ဘာ့ Curcumin ထုတ်လုပ်မှု၏ (၈၀) ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုထားကြောင်း သိရပါသည်။  

အချို့ကုမ္ပဏီများသည် ဂျင်းနှင့် နနွင်းတို့ကို ဖျော်ရည်များနှင့် အဆီများအဖြစ် ထုတ်လုပ် ရာတွင်အသုံးပြုကြပါသည်။ ၎င်းတို့ကို ဖျော်ရည်များတွင် ဖြည့်စွက်ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုကြရာ ဂျင်းမှာဖျော်ရည်များ၌ လူကြိုက်များသော ပါဝင်ပစ္စည်းတစ်ခုဖြစ်လာကြောင်း၊ အကြောင်းရင်းမှာ ဂျင်း၏ ကျန်းမာရေးအကျိုးကျေးဇူးရှိခြင်းနှင့် သောက်သုံးရာတွင် စပ်သည့် အရသာကို ရရှိစေခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပါသည်။

အလားတူ ဗီတာမင်များနှင့် ဆေးဘက်ဝင်ဖြည့်စွက်ပစ္စည်းများပါဝင်သည့် အားဖြည့်ဖျော်ရည် (Juice shots) များ လူကြိုက်များရေပန်းစားလာကြောင်းသိရသည်။ Juice shots များ အား (၁၀၀) မီလီခန့် ပါဝင်သည့် ပုလင်းသေးများဖြင့် ထုတ်လုပ်လေ့ရှိပြီး၊ အချို့သော အမှတ်တံဆိပ် များက ၎င်းဖျော်ရည်များအား ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်သည့် ပါဝင်ပစ္စည်းများဖြင့် အထူးပြုထုတ်လုပ်ကြကြောင်းသိရပါသည်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံရှိ Plenish အမှတ်တံဆိပ် သည် “Ginger immunity” နှင့် “Turmeric Defence” စသည့် Juice shots များကို ထုတ်လုပ် ဖန်တီးထားကြောင်း သိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - (https://www.cbi.eu/news/increase-demand-immunity-boosting-spices

Category: Belgium