ဥရောပ၏ ပထဝီဒေသအညွှန်း (Geographical Indications-GIs) ထုတ်ကုန်များအား တရုတ်နိုင်ငံတွင် အကာအကွယ်ပေးရေးနှင့် အပြန်အလှန် မူအားဖြင့် ဥရောပစီးပွားရေးဒေသ၌ တရုတ်နိုင်ငံ၏ထွက်ကုန်များအား အသိအမှတ်ပြုအကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ အီးယူနှင့် တရုတ် နိုင်ငံတို့အကြား ကူးသန်းရောင်းဝယ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့ကြကြောင်းသိရသည်။ ၁၄-၉-၂၀၂၀ ရက်နေ့တွင် အီးယူဘက်မှ ဥရောပ ကောင်စီဥက္ကဌ Charles Michel၊ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen နှင့် ဂျာမနီနိုင်ငံအကြီးအကဲဖြစ်သူ Angela Merkel တို့ ဦးဆောင် တက်ရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံဘက်မှ သမ္မတရှီကျင်းဖျင်တက်ရာက်ခဲ့သည့် virtual summit တွင် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
သဘောတူညီချက်အရ အီးယူ၏ GIs ထုတ်ကုန်ပစ္စည်း (၁၀၀) နှင့် တရုတ်နိုင်ငံ၏ GIs ထွက်ကုန် (၁၀၀) တို့ကို အပြန်အလှန် အကာအကွယ် ပေးကြမည်ဖြစ်သည်။ အဆိုပါသဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ ၁၄ နှစ်ကြာပြီး နောက် သမိုင်းဝင်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးပြီးပါက ၂၀၂၁ ခုနှစ်၏ အစောပိုင်းကာလတွင် သဘောတူညီချက် စတင်အသက်ဝင်ရန် မျှော်လင့်ထားပြီး၊ နောက်ထပ် (၄) နှစ်အကြာတွင် နှစ်ဘက်စလုံးမှ GIs ထုတ်ကုန် (၁၇၅) မျိုးကို ထပ်မံ တိုးချဲ့ထည့်သွင်းသွားမည်ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဥရောပကော်မရှင်၏ စာရင်းဇယားများအရ တရုတ်နိုင်ငံသည် အီးယူ၏ လယ်ယာထွက်ကုန်များတင်ပို့သည့် တတိယအကြီးဆုံး ဈေးကွက်ဖြစ်ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအထိကာလတွင် အီးယူမှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၃၈ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အီးယူ၏ GIs အကာအကွယ်ပြုထားသည့် ထုတ်ကုန်များတင်ပို့သည့် ဒုတိယမြောက် ဈေးကွက်လည်းဖြစ်ပြီး ဝိုင်များ၊ လယ်ယာ ထွက်စားသောက်ကုန်များနှင့် အရက်များအပါဝင် တင်ပို့မှုတန်ဖိုး၏ ၉ ရာခိုင်နှုန်း ခန့်ရှိကြောင်းသိရသည်။ ယခုသဘောတူညီချက်ကြောင့် ဥရောပ ၏ စားသုံးသူများအနေဖြင့်လည်း တရုတ်နိုင်ငံ၏ အထူးပြုထုတ်လုပ်သည့် စားသောက်ကုန်အစစ်အမှန်များကို စားသုံးနိုင်ကြမည်ဖြစ်သည်။ အီးယူသည် ထုတ်ကုန်အမည်ပေါင်း ၃၃၀၀ ကျော်ကို ပထဝီဒေသအညွှန်းထုတ်ကုန်အဖြစ် မှတ်ပုံတင်ထားပြီး၊ non-EU GIs အရေအတွက် ၁၂၅၀ ဝန်းကျင်ကိုလည်း နှစ်နိုင်ငံသဘော တူညီချက်များမှတစ်ဆင့် အီးယူအတွင်း အကာအကွယ်ပေးထားကြောင်းသိရသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)
ရင်းမြစ် - (ဥရောပကော်မရှင် နှင့် https://www.telesurenglish.net)
 
                         
                        