အိန္ဒိယတွင် တောင်သူများက ပဲပုပ်စိုက်ပျိုးသောနေရာတစ်ချို့တွင် ဆီထွက်သီးနှံထက် အကျိုးအမြတ်ပိုမိုရရှိသည့် ပြောင်းနှင့်ကြံအား အစားထိုးစိုက်ပျိုးလာသဖြင့် ယခုနှစ်၌ ပဲပုပ်စိုက်ဧကကျဆင်းလာနိုင်ဖွယ်ရှိသည်ဟု တောင်သူများနှင့်စက်မှုလုပ်ငန်းတာဝန်ရှိသူများက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပဲပုပ်သည် အိန္ဒိယနိုင်ငံ၌ နွေရာသီတွင် အဓိကစိုက်ပျိုးသည့် ဆီထွက်သီးနှံအမျိုးအစားဖြစ်သော်လည်း အထွက်နည်းသောကြောင့် စားသုံးဆီအဓိကတင်သွင်းနေရသည့်နိုင်ငံအား ပြည်ပမှ စားအုန်းဆီ၊ ပဲဆီနှင့် နေကြာဆီများကို တိုးမြှင့်ဝယ်ယူရန် တွန်းအားပေးလျက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် သုံးနှစ်အတွင်း ပဲပုပ်မှ အမြတ်အစွန်းမရရှိခဲ့သကဲ့သို့ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် အကျိုးအမြတ်ပိုမိုရရှိသည့် ပြောင်းကို ပြောင်းလဲစိုက်ပျိုးခဲ့သည်ဟု Madhya Pradesh ပြည်နယ်မှ တောင်သူတစ်ဦးဖြစ်သူ Subodh Parmar က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း ပဲပုပ်ဈေးနှုန်းများကျဆင်းမှုကြောင့် တောင်သူများအား အခြားသီးနှံသို့ ပြောင်းရန်လှုံ့ဆော်မှုဖြစ်စေသည်ဟု အိန္ဒိယပဲပုပ်လုပ်ငန်းရှင်များအသင်း(SOPA)မှ အမှုဆောင်ဒါရိုက်တာ D.N. Pathak က ပြောသည်။
အစိုးရက ပဲပုပ် ၁၀၀ ကီလိုဂရမ်လျှင် ကြမ်းခင်းဈေး ၄၈၉၂ ရူပီး(၅၇.၂၉ ဒေါ်လာ) သတ်မှတ်ထားသော်လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်သည့် သီးနှံရာသီချိန်တွင် ဈေးနှုန်းများမှာ ယင်းသတ်မှတ်ထားသည့်အဆင့်အောက် ၁၀ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
ပဲပုပ်သည် အဓိကအားဖြင့် မိုးရေအပေါ်အခြေခံသောသီးနှံဖြစ်ပြီး ယခုနှစ် မိုးဦးတွင် ပုံမှန်ထက် ပိုမိုရွာသွန်းမည်ဟုမျှော်လင့်ထားသောကြောင့် အထွက်နှုန်းအပေါ် များစွာသက်ရောက်မှုရှိနိုင်ကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံအလယ်ပိုင်းရှိ Madhya Pradesh ပြည်နယ်၊ အနောက်ဘက်ရှိ Maharashtra၊ အနောက်မြောက်ဘက်ရှိ Rajasthan နှင့်တောင်ဘက်ရှိ Andhra Pradesh နှင့် Karnataka တို့သည် ပဲပုပ်အဓိကထုတ်လုပ်သည့် ပြည်နယ်များဖြစ်ကြသည်။
ပဲပုပ်တွင် အစာ ၈၀% ကျော်နှင့် ၂၀% ထက်နည်းသော ဆီတို့ပါဝင်သော်လည်း ဒေသထွက်ပဲပုပ်ဝယ်လိုအားသည် ဈေးနှုန်းသက်သာသော အီသနောထုတ်လုပ်ခြင်းမှရရှိသည့် ပျော်ဝင်နိုင်သော တိရိစ္ဆာန်အစားအစာများ(DDGS)ကြောင့် အခက်ကြုံနေရသည်ဟု ဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း(Solvent Extractors' Association of India (SEA))၏အမှုဆောင်ဒါရိုက်တာ B.V. Mehta က ပြော သည်။
ကြက်မွေးမြူရေးလုပ်ငန်းသည် ပဲပုပ်ကိုအဓိကအသုံးပြုကြသော်လည်း ၃၀% ပိုမိုစျေးသက်သာသော DDGS ဖြင့် ပြီးခဲ့သည့် ၂ နှစ်တွင် ပဲပုပ်ကို အစားထိုးခဲ့ကြောင်း Mehta မှ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် သကြားအများဆုံးထုတ်လုပ်သည့် Maharashtra တွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် တောင်သူအချို့သည် ရေအလွန်ကြိုက်သည့် နှစ်ရှည်ကြံကို ပြောင်းလဲစိုက်ပျိုးရန် လှုံ့ဆော်မှုဖြစ်စေခဲ့ကြောင်း၊ ထို့ကြောင့် ပဲပုပ်အသစ်ထွက်ရှိမှုသည် ယခင်နှစ်ထက် သိသိသာသာလျော့နည်းနိုင်ကြောင်းနှင့် ယင်းသည် စားသုံးဆီအားတိုးမြှင့်တင်သွင်းရန် ဖိအားတစ်ခုဖြစ်လာနိုင်ကြောင်း မွန်ဘိုင်းမြို့အခြေ စိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယသည် စားအုန်းဆီများကို အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ အဓိကဝယ်ယူနေပြီး ပဲဆီနှင့် နေကြာဆီများကို အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့မှ တင်သွင်းသည်။
Source: India soybean acreage to decline as farmers shift to corn, sugarcane, The Economic Times, 27 May, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)